Tuesday 22 July 2014

မြန်မာနေရှင်နယ်လိဂ် နောက်ကြောင်းပြန်လှည့်မည် မဟုတ်ဟု ဦးဇော်ဇော်ပြောကြား

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအနေဖြင့် လက်ရှိအချိန်တွင် အရှုံးပေါ်နေသော်လည်း နောက်ကြောင်း ပြန်လှည့်မည်မဟုတ်ဟု ဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်က မဇ်္ဈိမကို ပြောကြားလိုက်သည်။
မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအနေဖြင့် ပြင်ပ၀င်ငွေမရှိဘဲ အသင်းပိုင်ရှင်၏ ထောက်ပံ့မှုဖြင့်သာ ရပ်တည်နေရခြင်းဖြစ်ပြီး စီပွားရေးအရ အရှုံးပေါ်လျက် ရှိကြသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်(လယ်)နှင့် ဂျေလိဂ်တာဝန်ရှိသူများအား တွေ့ရစဉ်။  ဓာတ်ပုံ-ရဲဟိန်း


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်က “မြန်မာနေရှင်နယ်လိဂ်အသင်းတွေမှာ အရှုံးပေါ်နေတာ အားလုံးသိကြပေမယ့် ကျွန်တော်တို့အနေနဲ့ ရှေ့ဆက်သွားမှာပါ။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေက အားလုံးရှေ့ကိုသွားနေတဲ့အချိန်မှာ ကျွန်တော်တို့က ရပ်နေရင် ဘယ်လိုမှ လိုက်မီတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ လက်ရှိ အနေအထားထက်ကို အသင်းတွေကို အောင်မြင်အောင် လမ်းကြောင်းတစ်ခု ချမှတ်သွားဖို့ လိုပါတယ်။ ဒါမှသာ ဘောလုံးအဖွဲ့ချုပ်မှာ ကျွန်တော်တို့ မရှိတော့ပေမယ့် ကျန်တဲ့သူတွေ ဆက်လုပ်နိုင်ဖို့အတွက် လမ်းကြောင်းတစ်ခု ချမှတ်ထားဖို့ လိုပါတယ်။ လက်ရှိအခြေအနေကို ကလပ်အသင်းအချို့က စိတ်ပျက်နေတာ တွေရှိပေမယ့် ကျွန်တော်တို့က နောက်ပြန်လှည့်မှာ မဟုတ်ပါဘူး။ အရင်ကလည်း ကျွန်တော်တို့တွေက ရှစ်သင်းနဲ့စခဲ့ပြီး အခုအသင်း ၂၀ ကျော်လာပါပြီ။ ဒါကြောင့် ရှိတဲ့အသင်းနဲ့ ဆက်ပြီးသွားမှာပါ” ဟု ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကလပ်အသင်းများနှင့် စီးပွားရေးနှင့် Marketing ဆိုင်ရာ အစည်းအဝေးတစ်ရပ် ကျင်းပသွားမည်ဖြစ်ပြီး ထိုအစည်းအဝေးတွင် ကလပ်အသင်းများအနေဖြင့် မိမိတို့၏ အသင်းအခြေအနေများအား ပွင့်လင်းမြင်သာစွာ ချပြရန် ဦးဇော်ဇော်က တောင်းဆိုလိုက်သည်။
ဦးဇော်ဇော်က “ကျွန်တော်တို့ အသင်းတွေနဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ အစည်းအဝေး တစ်ခု လုပ်ပါမယ်။ အဲဒီ အစည်းအဝေးမှာ အသင်းတွေအနေနဲ့ ကိုယ့်ရဲ့အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောစေချင်ပါတယ်။ ပြီးရင် သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း လိုက်လုပ်ဖို့ လိုပါတယ်။ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာတဲ့အခါ စပွန်ဆာတွေ ရရှိနိုင်ဖို့ဆိုရင် ကိုယ်ဘက်ကလည်း ရှိသင့်တဲ့အရာတွေကို ဖြည့်တင်းထားဖို့ လိုအပ်ပါတယ်”ဟု AFC မှ တာဝန်ရှိသူများနှင့် မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းများမှ တာဝန်ရှိသူတို့ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ပြောကြားခဲ့သည်။

mizzima

No comments:

Post a Comment