Tuesday 8 July 2014

ရန်ကုန်တိုင်းသံဃနာယကအဖွဲ့မှ ကျောင်းနှင်ထုတ်မှုများ ဆက်တိုက်ပြုလုပ်၊ ဒလမြို့နယ်ရှိ ကံဦးကျောင်းတိုက်ဆရာတော်အား ကျောင်းမှထွက်ခွာရန် တိုင်းသံဃနာယကမှ စာထုတ်ပြန်မှုအပေါ် ဒေသခံများကန့်ကွက်ပြီး ဆရာတော်ထွက်ခွာမသွားရန် ၀ိုင်းဝန်းပိတ်ဆို့

ရန်ကုန်တိုင်းသံဃနာယကအဖွဲ့မှ ကျောင်းနှင်ထုတ်မှုများ ဆက်တိုက်ပြုလုပ်လာပြီး မဟာသန္တိသုခကျောင်း နှင်ထုတ်မှုကိစ္စပြီးနောက် ဒုတိယအကြိမ်အဖြစ် ဒလမြို့နယ်ရှိ ကန်ဦးကျောင်းတိုက်ဆရာတော်အား ကျောင်း နှင် ထုတ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဆာပါချောင်ကျောင်းစုရပ်ကွက် ကံဦးကျောင်းတိုက်ကျောင်းထိုင်ဆရာတော်အား ဇူလိုင် ၆ ရက်နောက်ဆုံးထား၍ ကျောင်းမှထွက်ခွာရန် တိုင်းသံဃမဟာနယကမှ စာထုတ်ပြန်မှုအပေါ် ဒေသခံများကကန့်ကွက်ခဲ့ပြီး ဆရာတော်ထွက်ခွာမသွားရန် ၀ိုင်းဝန်းပိတ်ဆို့ထားကြောင်း သိရသည်။ကံဦးကျောင်းတိုက်ဆရာတော် ဦးကုသလသည် ယင်းသို့ စာထုတ်မှု အပေါ်လိုက်နာရန်အတွက် ဇူလိုင် ၆ ရက်တွင် ကျောင်းမှထွက်ခွာရန်ကြိုးစားခဲ့ပြီး အနီးအနားရှိ ရပ်ကွက် ကျေးရွာများမှ ဒကာ၊ ဒကာမများ၏ ၀ိုင်းဝန်းပိတ်ဆို့ထားမှုကြောင့် ထွက်ခွာမရဖြစ်ခဲ့ကြောင်း ဆာပါချောင် ရပ်ကွက်နေ ဒေါ်လဲ့လဲ့ဝင်းကဆိုသည်။

ရန်ကုန်တိုင်းသံဃမဟာနာယကအဖွဲ့မှ ထုတ်ပြန်သောစာတွင် ကန်ဦးကျောင်းနေ ဦးကုသလအား မေ ၂၁ ရက်တွင် ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တတိယအဖွဲ့)၏ ပထမအကြိမ် ပဉ္စမအစည်းအဝေး၏ ဆုံးဖြတ်ချက်ပါအတိုင်းလိုက်နာရေး မြို့နယ်/ရပ်ကွက် သံဃနာယကအဖွဲ့ ဆရာတော်များနှင့် ဌာနဆိုင်ရာပုဂ္ဂိုလ်ရှေ့မှောက်၌ တိုင်းဒေသကြီး သံဃနာယကအဖွဲ့မှ လျှောက်ထားမှု ပြုရာ ထွက်ခွာမည်ဖြစ်ကြောင်း ဖော်ပြအတိုင်း ၀န်ခံကတိပြုကြောင်း ပါရှိသည်။
ဝန်ခံချက်တွင် (က) ကန်ဦးကျောင်းမှ ဇူလိုင် ၄ ရက်မှ ဇူလိုင် ၆ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ထွက်ခွာမည်ဖြစ်ကြောင်း၊ (ခ) ဆရာတော် ဒေါက်တာဘဒ္ဒန္တ ပ၀ရာဘိဝံသကလည်း သင့်လျော်သည့် ရဟန်း တော် တစ်ပါးအား ကျောင်းထိုင်အဖြစ်ချထားမှုပြုရာ၌ ရပ်ကွက်၊ မြို့နယ် သံဃနာယကအဖွဲ့များထံ အသိပေး လျှောက်ထား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ (ဂ) အထက်ပါ ၀န်ခံကတိပြုချက်ကိုဖောက်ဖျက်ပါက သံဃာ့ အဖွဲ့အစည်းဆိုင်ရာဥပဒေ၊ တည်ဆဲဥပဒေများနှင့် အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
သရက်တောကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တပ၀ရာဘိဝံသက ကန်ဦးကျောင်းတိုက်ဆရာတော် ဦးကုသလကို ၂၀၀၇ ဇူလိုင် ၈ ရက်မှစတင်ကာ ကျောင်းထိုင်စေခဲ့ခြင်းဖြစ်ပြီး ခုနစ်နှစ်ခန့်ကြာမြင့်သည့် အချိန်မှ ယခုကဲ့သို့ စာထုတ်ခြင်းဖြစ်ကြောင်း ဆရာတော်ဦးကုသလက မိန့်ကြားသည်။
"ဒီကျောင်းကိုစရောက်တော့ ကျောင်းကယိုင်နဲ့နေလို့ အသစ်ပြန်ဆောက်တယ်။ ရှေးဟောင်းဘုရားတွေ လည်း ကျောင်းပေါ်ပြန်နေပြီဖြစ်တယ်။ ဦးဇင်းကို ၂၀၁၂ ခုနှစ်တုန်းက ဒီကျောင်းကနေ ထွက်ခွာပေးဖို့ပြော တယ်။ ရိုးရိုးပြောတာမရတော့ မြို့နယ်၊ တိုင်းအဆင့်ဆင့် သံဃမဟာနာယကကိုရောက်တယ်။ တတိယအဖွဲ့ခွဲ ကနေ အမိန့်ချခဲ့တာပါ။ ၀ိနည်းချိုးဖောက်လို့ဆိုပြီး ဖော်ပြတာမရှိပေမယ့် ဆရာတော်ဦးပ၀ရက ကျောင်းမှာ မထားလိုမှုနဲ့ဆိုပြီး ဇူလိုင် ၃ ရက်မှာ တိုင်းသံဃနာယကမှာ ခေါ်ပြောတယ်။ အဆင့်ဆင့်စစ်ဆေးချက်အရ ကျောင်းကထွက်ခွာသွားဖို့အမိန့်ချခဲ့တယ်" ဟု ၀ါတော် ၁၆ ၀ါ၊ သက်တော် ၃၆ နှစ်ရှိပြီဖြစ်သော ကံဦး ကျောင်းဆရာတော် ဦးကုသလက The Daily Eleven သတင်းစာသို့ မိန့်ကြားသည်။
ဆက်လက်ပြီး ဆရာတော်ကုသလက "ကျောင်းကနေထွက်ပေးဖို့ လက်မှတ်ထိုးပေးခဲ့တယ်။ ဒါပေမဲ့ လူထု ကပိတ်ဆို့ထားပြီး ဒီကထွက်မသွားဖို့ဆိုပြီး တားကြတယ်။ ဦးဇင်းအနေနဲ့ မနေ့ကဆို ကျောင်းကနေထွက်ခွာဖို့ လေးခါကြိုးစားခဲ့ပေမယ့် ထွက်မရလို့ လုံခြုံရေးကိုလှမ်းပြောတယ်။ လုံခြုံရေးကလည်း လူထုရှိလို့ လုံခြုံရေး လာမပေးနိုင်ဘူးဖြစ်နေတယ်။ ဦးဇင်းကို ပြီးတော့မှ အမိန့်မနာခံဘူးလို့ မပြောပါနဲ့လို့ အာဏာပိုင်တွေကို ပြောခဲ့ပါတယ်။ အခု အပြင်မှာဖြစ်နေတာက ဦးဇင်းနဲ့မပတ်သက်တော့ဘူး။ လူထုနဲ့ အာဏာပိုင်အဖွဲ့ အစည်းနဲ့ သံဃာ့အဖွဲ့အစည်းနဲ့ပဲဆိုင်တော့တယ်။ ဦးဇင်းအနေနဲ့ကတော့ ဒီကျောင်းကိုစွန့်ဖို့ ဆုံးဖြတ် ထားပြီးသားဖြစ်ပါတယ်" မိန့်ကြားခဲ့သည်။
သရက်တောကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တပ၀ရာဘိဝံသက "နိုင်ငံတော်ရဲ့အဆုံးအဖြတ်ကို သူ ခံယူထားတာပဲ။ အဲဒီအဆုံးအဖြတ်ကို တိုင်းက အကောင်အထည်ဖော်တာပဲ။ ဒီကျောင်းမှာမနေဘူးဆိုတာ သူပဲပြောခဲ့တာ။ ဘုန်းကြီးက နှင်ချတယ်ဆိုတဲ့ စကားလုံးတစ်လုံးမှမပါဘူး။ ဒီမှာအမှုတွဲတွေလည်းရှိတယ်။ အသံသွင်း တိပ်ခွေတွေလည်းရှိတယ်။ ဘုန်းကြီးစကားပြောရင် ဒီသံဃာတွေရှေ့မှာပဲပြောတယ်။ တာဝန်ရှိ သူတွေက သူတို့ဘာသာလုပ်လိမ့်မယ်။ ဘုန်းဘုန်းနဲ့မဆိုင်ဘူး။ တာဝန်ရှိတဲ့သူတွေလုပ်တဲ့အတိုင်းက ဘုန်းကြီးရဲ့ဆန္ဒပါပဲ" ဟု The Daily Eleven သတင်းစာသို့ မိန့်ကြားသည်။
လက်ရှိအချိန်တွင် ဆရာတော်ဦးကုသလကို အနီးအနားရှိ ဆာပါချောင်၊ မော်စက်၊ ၀န်ထမ်း၊ ကျန်စစ်သား စသည့်ရပ်ကွက်/ကျေးရွာများမှ ဒကာ၊ ဒကာမ ၂၀၀ ခန့်က ဆရာတော်ကျောင်းမှ ထွက်ခွာသွားမည်ကို စောင့်ကြည့်နေပြီး မဟာသန္တိသုခကျောင်းတော်ကဲ့သို့ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း ဆာပါချောင် ရပ်ကွက်နေ ဦးဌေးဝင်းကဆိုသည်။ 
အမည်မဖော်လိုသူ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်နေသူတစ်ဦးကမူ "ကျွန်တော်တို့သိသလောက်တော့ ကံဦးကျောင်းမှာ ရှေးဟောင်းဘုရားတွေကိစ္စ၊ ကျောင်းပိုင်သစ်တွေ ရောင်းစားတဲ့ကိစ္စတွေဟာ နဂိုက တည်းက အသံထွက်နေတာကြာပြီ။ ရပ်ကွက်ထဲမှာလည်း ဂေါပကအဖွဲ့တွေကကွဲနေပြီး သရက်တော ကျောင်းတိုက်ဆရာတော်ကို သွားတိုင်ရင် အခုလိုပြဿ နာတွေ တက်ကုန်တာထင်တယ်" ဟု ၎င်း၏အမြင် ကို ပြောကြားသည်။ 
ဒလမြို့နယ်ရှိ ကံဦးကျောင်းတိုက်အား တွေ့ရစဉ်
Eleven Media Group

No comments:

Post a Comment