Tuesday 8 July 2014

ကြေညာချက်အတုလုပ်သူကို အရေးယူပေးရန် အာဏာပိုင်များတွင် တာဝန်ရှိကြောင်း ဒီချုပ်ပြော

မန္တလေးတိုင်းဒေသကြီး တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍ ပါတီ၏ထုတ်ပြန် ကြေညာချက် အတုပြုလုပ်ခဲ့သူ ကို အာဏာပိုင်များက ထိထိ ရောက်ရောက်အရေးယူရန် တာဝန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇူလိုင် ၇ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

မန္တလေးမြို့တွင် လူစုလူဝေး ဖြင့် ဆူပူလှုံ့ဆော်မှုများဖြစ်ပွားခဲ့ မှုကို တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဇူလိုင် ၂ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအတွင်းပင် ယင်းကြေညာချက်ကို ပြင်ဆင်ထားသည့် ကြေညာချက်တစ်စောင် ထွက်ပေါ်လာခဲ့သည်။ကြေညာချက်ကို ပြုပြင် ဖြတ်တောက်ပြီး Facebook တွင် ရဲသွေးအမည်ဖြင့် ဘာသာရေး၊ လူမျိုးရေး ရန်မီးပွားအောင် လှုံ့ ဆော်ခြင်း၊ ဘာသာရေးကိုနိုင်ငံ ရေးအတွက် အလွဲသုံးစားလုပ်ခြင်း စသည့်အချက်များ ပါဝင်သည့် ကြေညာချက်တစ်စောင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်အဖြစ် လိမ်လည် ဖန်တီး၍ ထုတ်လွှင့်ခဲ့သည်ဟု ယင်းကြေညာချက်တွင်ပါရှိသည်။

ယင်းကိစ္စသည် ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၄၁၇၊ အီလက် ထရွန်နစ်ဆက်သွယ်ဆောင်ရွက် ရေးဥပဒေပုဒ်မ ၃၄(က)တို့နှင့် ငြိစွန်းနေကြောင်း၊ ထို့အပြင် ပြည်သူလူထုထင်ယောင်ထင်မှား ဖြစ်စေရန်ဆောင်ရွက်ခြင်းသည် ဥပဒေနှင့် ငြိစွန်းသည်မှာ ထင်ရှားသဖြင့် ဥပဒေကျူးလွန်သူများကို အာဏာပိုင်များက လျင်မြန်စွာ စုံစမ်းဖော်ထုတ်အရေးယူရန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်တွင် ထည့်သွင်းထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ကြေညာချက်ကို အတု လုပ်ခြင်းသည် နိုင်ငံရေးအရ တိုက်ခိုက်မှုဖြစ်ပြီး ဘာသာရေးကို နိုင်ငံရေးအရ အသုံးပြုနေပြီလား ဆိုသည်ကို အလေးထားစဉ်းစားရ တော့မည်ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း က မန္တလေးတိုင်းဒေသကြီးတွင် လူမျိုးရေး၊ ဘာသာရေးအသွင် ဆောင်သော အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။

7Day Daily

No comments:

Post a Comment