Tuesday 8 July 2014

လတ်တလောဆူပူမှုများကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ကောက်ခံမှု အရှိန်တန့်သွား

ဇူလိုင် ၁ ရက် ညပိုင်းက စတင်ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေးပဋိပက္ခကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြုလုပ်လျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ် ကောက်ခံမှု အရှိန်တန့်သွားကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သတင်းရရှိ သည် ။ မန္တလေးခရိုင် ခြောက်မြို့နယ်တွင် ဇူလိုင် ၃ ရက်က ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၄ ရက်တွင် ပုသိမ်ကြီးမြို့နယ်ကိုပါ ဆက်လက်ထုတ်ပြန်ခဲ့သည်။ ဆူပူမှုကောလာဟလများကြောင့် မြို့ခံလူထုမှာ စိုးရိမ်ထိတ်လန့်မှုကြောင့် အရောင်းအ၀ယ်တန့်သွားပြီး မဖြစ်မနေကိစ္စမှလွဲ၍ အပြင် ထွက်ခြင်း နည်းပါးနေသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒကောက်ခံမှုဆောင်ရွက်နေသည့် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မန္တလေးခုနစ်မြို့နယ်အပြင် မြို့နယ်၊ ခရိုင်များတွင် ဆက်လက်ဆောင်ရွက်နေကြောင်း တိုင်းပြန်ကြားရေးတာဝန်ခံ ကိုအေးသိန်းကဆိုသည်။
"လက်ရှိ မန္တလေးခုနစ်မြို့နယ်မှာတော့ မလာသလောက်ကျဲသွားတယ်။ ဒါပေမဲ့ တခြားမြို့နယ်တွေမှာတော့ ဆန္ဒခံယူပွဲတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ဒီနေ့ကို စဥ့်ကူးမြို့နယ်မှာပြုလုပ်ဖို့ မန္တလေးကလူငယ်တွေ သွားရောက်ခဲ့တယ်" ဟု ကိုအေးသိန်းကဆိုသည်။

မန္တလေးတွင်ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်များကြောင့် အဆိုပါပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒကောက် ခံမှုဆောင်ရွက်သည့် လုပ်ငန်းစဉ်များ ယခင်လိုပြုလုပ်နေပါက မလိုလားအပ်သည့်ဖြစ်စဉ်များကိုအား ပြုစေ သလိုမဖြစ်စေရန် ဂရုပြုဆောင်ရွက်နေခြင်းဖြစ်သည်။
"စတင်ဆောင်ရွက်ကတည်းက နေ့ရောညပါ အုန်းအုန်းကျွက်ကျွက် လက်မှတ်ထိုးကြတယ်။ အခုလို ပုဒ်မ ၁၄၄ ချိန်မှာ ကျွန်တော်တို့ ပုဒ်မ ၄၃၆ လူထုဆန္ဒခံယူပွဲ ပြုလုပ်လှုပ်ရှားမှုတွေကြောင့် လူစုလူဝေးဖြစ်မှာ စိုးလို့ ပါ။ အရင်လို မြို့နယ်အလိုက် ဖွင့်လှစ်လက်ခံတာမျိုးမလုပ်တော့ဘဲ လက်မှတ်ထိုးချင်တဲ့သူရှိရင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကတစ်ဆင့် လက်ခံပေးပါတယ်" ဟု တိုင်းအတွင်းရေးမှူး ဦးတင်ကိုက ပြောကြား သည်။ 
Eleven Media Group

No comments:

Post a Comment