Friday 4 July 2014

ပုဒ်မ ၁၄၄ ထုတ်ပြန်မှု အမှန်တကယ်လိုအပ်ချက်ဟု မန္တလေးမြို့ခံအများစုရှုမြင်

မန္တလေးမြို့တွင် ည ၉နာရီ မှ နံနက် ၅နာရီအတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ထုတ်ပြန်မှုသည် လတ်တလောဖြစ်ပေါ်နေသော အုပ်စုဖွဲ့အကြမ်းဖက်မှုများ ရပ်တန့်သွားရေးနှင့် မန္တလေးမြို့ တည်ငြိမ် အေးချမ်းရေးအတွက်အမှန်တကယ်လိုအပ်ချက်တစ်ခုဟု ထင်မြင်မိကြောင်း မန္တလေးမြို့ခံအများစုက ပြောသည်။မန္တလေးတိုင်းဒေသကြီး မန္တ လေးခရိုင် ချမ်းအေးသာစံမြို့နယ် တွင် ဇူလိုင် ၁ ရက်နှင့် ၂ ရက် ည ပိုင်းအချိန်များတွင် ဖြစ်ပွားခဲ့သောလူစုလူဝေးများသည် တုတ်၊ ဓား လက်နက်များကိုင်ဆောင်၍ ရုန်းရင်း ဆန်ခတ်မှုများဖြစ်ပေါ်ခဲ့သဖြင့် အများပြည်သူအသက်အိုးအိမ်စည်းစိမ်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် မန္တလေး စည်ပင်သာယာနယ်နိမိတ်မြို့ နယ် ခြောက်မြို့နယ်တွင် နေ ထိုင်သည့် ရဟန်းပြည်သူလူထု လိုက် နာရန်ဟုဆိုကာ မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က ဇူလိုင် ၃ ရက်တွင် ပုဒ်မ ၁၄၄ တားမြစ်မိန့်ထုတ်ပြန်သည်။‘‘ခုအချိန်မှာက လုပ်ငန်းတွေ အေးနေတယ်။ ညပိုင်းထိ လုပ်ရ တဲ့အလုပ်မရှိသလောက်ပဲ။ ပုဒ်မ ၁၄၄ ထုတ်လိုက်တဲ့အတွက် စီးပွားရေးအရ အများကြီး ထိခိုက်မှု မရှိနိုင်ဘူး’’ဟု မန္တလေးစက်မှု ဇုန်မှ စက်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဇူလိုင် ၁ ရက် ညအကြမ်း ဖက်မှုများဖြစ်ပွားပြီးကတည်းက မြို့ခံအများစုမှာ စိုးရိမ်မှုများရှိနေ ကြောင်း၊ အစ္စလာမ်ဘာသာဝင် အများစုမှ မန္တလေးမြို့ညပိုင်းလုံ ခြုံရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေး ထိထိရောက်ရောက် ကိုင်တွယ်လုပ်ဆောင်ပေးစေလိုသည့် ဆန္ဒရှိကြောင်း မြို့ခံများကပြောသည်။ မန္တလေးမြို့လမ်းမများတွင် ညအချိန်အုပ်စုဖွဲ့အကြမ်းဖက်သူများသည် အရက်သေစာများ၊ မူး ယစ်သောက် စားထားပြီး တုတ်၊ ဓားများကိုင်ဆောင်ထားကာ ယခုကဲ့သို့ အုပ်စုဖွဲ့ကာ အကြမ်းဖက်မှုများကိုအပျော်သဘော ကဲ့သို့ ပြု လုပ်နေကြသည်ဟု မြို့ခံအချို့က ပြောသည်။
‘‘ညပိုင်းဖွင့်တဲ့ စားသောက် ဆိုင်တွေ၊ ဈေးဆိုင်တွေက အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုအချိန်မှာ စိုးရိမ်ကြောက်လန့် ပြီး နေရမှာထက် ခုလို ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်တာက ကျွန်တော်တို့မြို့ အတွက် ပိုကောင်းတယ်’’ဟု မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်ဈေးချိုတော်အနီးတွင် နေထိုင်သည့်ကုန်သည် တစ်ဦးကပြောသည်။ ညမထွက်ရအမိန့်ကြောင့် ကားအချိန်များ ပြောင်းလဲသွားမည်ဖြစ်သော်လည်းများစွာ အခက်အခဲမရှိနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ညမထွက်ရအမိန့်ထုတ်ပြန်ထားသောကြောင့် မြိုသို့ ညပိုင်းတွင် ၀င်မည့် အခြားဒေသမှ လာသောကားများ မြို့ပြင်တွင် ရပ်ထားကြရသည်။
ဇူလိုင် ၃ ရက်ညမှ စတင် သက်ရောက်မည့် ပုဒ်မ ၁၄၄ ထုတ်ပြန်မှုကြောင့် မန္တလေးမြို့ခံများ သည် ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ငါးဦး(သို့) ငါးဦး ထက် ပို၍ လမ်းပေါ်ထွက်ခြင်း၊ စုဝေး ခြင်းများ ပြုလုပ်ခွင့်ရတော့ မည် မဟုတ်ပေ။ရုတ်တရက်ထုတ်ပြန် ကြေညာလိုက်သည့် ညမထွက်ရအမိန့် ကြောင့် မန္တလေးမြို့ မဟာအောင် မြေမြို့နယ် ကမ်းနားလမ်း၊ ကုန် စိမ်းတန်းညဈေးမှ ဈေးသည်များ အခက်တွေ့ခဲ့ရကြောင်း သတင်း ရရှိသည်။ မန္တလေးမြို့ကုန်စိမ်း တန်းညဈေးသည် စစ်ကိုင်း၊ မတ္တ ရာ၊ ကျောက်ဆည်၊ မြစ်သားစ သည့် မန္တလေးအနီးဝန်းကျင်ရှိ မြို့များနှင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်ရှိသော ဟင်းသီးဟင်းရွက်စားသောက်ကုန်များကို မန္တလေးမြို့အတွက် ရောင်းချပေးနေသော အဓိကကုန်စိမ်း ဈေးကြီးဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အာဏာပိုင်များ သည် ၎င်းတို့ကို ထည့်မတွက်ဘဲ ရုတ် တရက်အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ဈေးသည်အချို့က ပြောသည်။ မန္တလေးတိုင်းဒေသ ကြီးအစိုးရ အဖွဲ့လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် အစီအစဉ် မရှိဟု နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ညနေပိုင်းတွင် ၎င်းအမိန့် ထုတ်ပြန်ခြင်းဖြစ်သည်။ မန္တလေးမြို့တွင် ဘာသာ ရေး၊ လူမျိုးရေးပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဇူ လိုင်၁ ရက်နှင့် ၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့ပြီး အုပ်စုဖွဲ့ရန်ပြုမှုများ ကြောင့် အမျိုးသား နှစ်ဦးအကြမ်း ဖက် သတ်ဖြတ်ခံခဲ့ရကာ လူ ၂၀ နီးပါးထိခိုက်ဒဏ်ရာရခဲ့သည်။
7Day Daily

No comments:

Post a Comment