Friday 27 June 2014

အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦး ဖမ်းဆီးတရားစွဲဆို ခံထားရသော ယူနတီသတင်းဂျာနယ် ငွေကြေးအခက်အခဲကြောင့် ထုတ်ဝေမှု ယာယီရပ်ဆိုင်း

ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်တစ်စောင်ဖြစ်သော ယူနီတီ အပတ်စဉ် သတင်း ဂျာနယ်မှာ ငွေကြေးအခက်အခဲကြောင့် ထုတ်ဝေမှုကို ယာယီရပ်ဆိုင်းခဲ့ကြောင်း ယူနတီဂျာနယ်၏ ရုံးအဖွဲ့မှူးထံမှ သိရသည်။
သတင်းဂျာနယ်အား ယာယီရပ်ဆိုင်းမှုကို လက်ရှိတာဝန်ယူဆောင်ရွက်နေသည့် ဒယ်ဒီတာ ကိုရဲဝင်းနောင်၊ ရုံးအဖွဲ့မှူးကို အောင်ဝင်းထွန်းနှင့် ကျန်အယ်ဒီတာနှစ်ဦးတို့ အစည်းဝေးထိုင်၍ အားလုံးသဘောတူ ဆုံးဖြတ်ချက်များအရ ဂျာနယ်ထုတ်ဝေမှုကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အယ်ဒီတာတွေနဲ့ အစည်းအဝေးထိုင်ပြီး ထုတ်ဝေမှုကို ယာယီရပ်ဆိုင်းဖို့ကို ဆုံးဖြတ်ခဲ့ တယ်။ ငွေရေးကြေးရေး အခက်အခဲရယ်၊ အခြားလုပ်ငန်း အခက်အခဲတွေကြောင့်ပါ။ အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ဖိအားတွေကြောင့် မဟုတ်ပါဘူး။ ဦးတင့်ဆန်းကိုလည်း ကျွန်တော့်အနေနဲ့ တတ်နိုင်သလောက်တော့ ဂျာနယ်ကိုကြိုးစားပြီး လည်ပတ် သွားမယ်။ အဆင်မပြေရင်တော့ ရပ်ဆိုင်းရမယ်လို့ အရင်တည်းက ပြောဆို ထားတာတွေ ရှိပါတယ်။ ငွေကြေးအဆင်ပြေတဲ့ အခါကျရင် ပြန်ထုတ်သွားမှာပါ”ဟု ယူနတီဂျာနယ်၏ ရုံးအဖွဲ့မှူးဖြစ်သူ ကိုအောင်ဝင်းထွန်းက ဇွန် ၂၆ ရက် ညပိုင်းတွင် The Daily Eleven သတင်းစာသို့ အတည်ပြု ဖြေကြားခဲ့သည်။

ယူနတီသတင်းဂျာနယ် နောက်ဆုံးထုတ်စာစောင်ဖြစ်သည့် အတွဲ ၃၊ အမှတ် ၂၅ ကို ဇွန် ၂၆ ရက်တွင် ထုတ်ဝေခဲ့သည်။

ယင်းသို့ ယူနတီသတင်းဂျာနယ် ထုတ်ဝေမှုရပ်ဆိုင်းမှုနှင့် ပတ်သက်၍ ဂျာနယ်၏ သတင်းအယ်ဒီတာ တစ်ဦးဖြစ်သူ မကလျာဆွေကို ဆက်သွယ်မေးမြန်းခဲ့ရာ “သတင်းဂျာနယ်ထုတ်ဝေခွင့်ရပ်ဆိုင်းတဲ့အကြောင်း ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက လုပ်တဲ့အစည်းအဝေးပွဲမှာ ရုံးအဖွဲ့မှူးကပြောတယ်။ ဘယ်လိုကြောင့် ရပ်ဆိုင်းတယ်ဆိုတာကိုတော့ တိတိကျကျမပြောဘူး။ ကျွန်မတို့အနေနဲ့ ဒါက ဆရာ ဦးတင့်ဆန်းရဲ့ သဘောထားလားဆိုတာကိုလည်း မသိသေးပါဘူး။ သူ့အနေနဲ့ ဝန်ထမ်းတွေရဲ့ လစာနဲ့ စာမှုခတွေတော့ နောက်လ ၁ဝ ရက်မှာ ပေးချေသွားမယ်လို့ ပြောကြားထားပါတယ်” ဟု ဇွန် ၂၆ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့ (SB) က သတင်းမီဒီယာများ၏ ဝင်ငွေ၊ ထွက်ငွေလည်ပတ်ပုံ၊ လစာအခြေအနေနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များကို သိရှိရန် ဇွန် ၂၁ ရက်တွင် ပထမဦးဆုံး ခေါ်ယူမေးမြန်းသည့် မီဒီယာများတွင် ယူနတီသတင်းဂျာနယ် ပါဝင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းနှင့် ယူနတီဂျာနယ် သတင်းထောက်လေးဦးတို့မှာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်ထုတ် ယူနတီသတင်းဂျာနယ် အတွဲ ၃ အမှတ်(၄) တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း လက်ရှိကာချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက်ဓာတု လက်နက်စက်ရုံအမည်ရှိ သတင်းဆောင်းပါးဖော်ပြ မှုကြောင့် မြန်မာနိုင်ငံအစိုးရလျှို့ ဝှက်ချက်ဥပဒေဖြင့် တရားစွဲဆိုခံနေရပြီး လာမည့် ဇွန် ၃ဝ ရက်တွင် နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်များ တရားရုံးတော်သို့ တင်ကြမည်ဖြစ်သည်။

Eleven

No comments:

Post a Comment