Friday 27 June 2014

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ပြုပြင်ရန် အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ နည်းပညာနှင့် ငွေကြေးအကူအညီ ရရှိရေး ဆောင်ရွက်မည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီး ပြောကြား

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ပြုပြင်ရန်အတွက် အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ နည်းပညာနှင့် ငွေကြေးအကူအညီများ ရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။

ဦးစိုးတင့်က နေပြည်တော်တွင် ဇွန် ၂၆ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်
ဒသမပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး၏ မေးခွန်းအား ဖြေကြားရာတွင် အထက်ပါကဲ့သို့ပြောကြား ခဲ့ခြင်း ဖြစ်သည်။


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက“ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုများ၊ ကားမီးလောင်မှုများနှင့် ယာဉ်များအား လုယက်ရန်ကြံစည်မှုများ မကြာခဏကြုံတွေ့ ရသည့်အတွက် ထိုလမ်းမကြီးအား နိုင်ငံတကာ အဆင့်မီပြုပြင်ရန် အစီအစဉ် ရှိ၊မရှိ”ကို မေးမြန်း ခဲ့ခြင်းဖြစ်သည်။

နေပြည်တော် စီလမ်းဆုံတိုးဂိတ်၊ စကားအင်းတိုးဂိတ်နှင့် အမှတ်(၃)လမ်းဆုံး တိုးဂိတ်တို့တွင် ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်းလုပ်ငန်းများကို စုပေါင်းအဖွဲ့များမှ ၂ဝ၁၄ ခုနှစ် မေလမှ စတင်ကာ ပုံမှန်စစ်ဆေးဆောင် ရွက်လျက်ရှိသည့်အပြင် မီးသတ်ဆေးဘူးများလည်း ဆောင်ရန်ညွှန်ကြား ထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးတင့်က ဆိုသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် အရက်သေစာသောက်စား မောင်းနှင်သည့် ယာဉ်မောင်းများကို အမြန်လမ်းရဲစခန်း ၁၅ ခုတွင် အရက်မူးတိုင်းကိရိယာ ၃ဝ ဖြင့် ပြစ်မှုကျူးလွန်သူများကို စစ်ဆေး အရေးယူလျက်ရှိကြောင်း သိရပြီး သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းနှင်သည့်ယာဉ်များကို အရှိန်တိုင်း ကိရိယာနှင့် စစ်ဆေးအရေးယူလျက်ရှိရာတွင် လက်ရှိ ၌ ၂၆၅၉ စီးကို အရေးယူဆောင်ရွက်ထားကြောင်း ၎င်းကထပ်မံပြောကြားသည်။

ဆက်လက်ပြီး အမြန်လမ်းမကြီးတွင် တက်ရောက်မောင်းနှင်သည့် စက်ဘီး၊ ဆိုင်ကယ်များကို စစ်ဆေးအရေးယူရာတွင် လက်ရှိ၌ ၅၁၄၁ စီး အရေးယူခဲ့ပြီး ကျွဲ၊ နွား ဖြတ်သန်းသွားလာမှုများနှင့် ပတ်သက်၍ အမြန်လမ်းရဲတပ်ဖွဲ့မှ ၁၆၃ မှုအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးစိုးတင့်က ထည့်သွင်းဖြေကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆထိခိုက်မှုများဖြစ်ပါက အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လူနာတင်ယာဉ်များနှင့် ဆရာဝန်များ၊ ကျွမ်းကျင်သူနာပြုများကို မိုင် ၄ဝ အပိုင်း အခြားအလိုက် ထားရှိနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ဆိုသည်။

ရန်ကုန်တိုင်းမှ မန္တလေးတိုင်းသို့ ဖြတ်သန်းဖောက်လုပ်ထားသည့် ၃၆၆ မိုင် သုံးဖာလုံ ရှည်လျားသော ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာယီရဲကင်း ၄၂ ခုကို ထပ်မံဖွင့်လှစ်ထားပြီး ယာဉ်လုယက်မှုများ မရှိစေရေးအတွက် နေ့၊ ညမပြတ် လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများဖြင့် ဆောင်ရွက်နေကြောင်း ထပ်မံသိရသည်။

Eleven

No comments:

Post a Comment