Sunday 29 June 2014

တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု ယုံကြည်ပြီး အိမ်နီးချင်းကောင်းဆက်ဆံရေးကို အလေးထားသွားမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု ယုံကြည်ပြီး အိမ်နီးချင်း ကောင်းဆက်ဆံရေးကို အလေးထားသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန် မူကြီးငါးရပ်၏ နှစ် ၆ဝ ပြည့်အထိမ်းအမှတ် ကွန်ဖရင့်တွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံမီဒီယာက သတင်းထုတ်လွှင့်သည်။
၁၉၅၄ ခုနှစ်၌ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာချူအင်လိုင်း၏ မြန်မာ၊ အိန္ဒိယခရီးစဉ်အတွင်း စတင်အကောင်အထည်ဖော်ပေါ် ပေါက်လာသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ဖြစ်သည့် တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူရည်တူရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန်နှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန်ဟူသည့် မူကြီးငါးရပ်၏ နှစ် (၆ဝ)ပြည့် အထိမ်းအမှတ် ကွန်ဖရန့်တွင် သမ္မတဦးသိန်းစိန်က ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။


ယင်းအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားခွင့်ရခဲ့ပြီး မြန်မာဘာသာဖြင့် ပြောကြားခဲ့ရာ အခမ်းအနားကို အဆွေတော်တို့နှင့် တက်ရောက်ကာ ကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ဒုတိယကမ္ဘာစစ်ပြီးကာစ လွတ်လပ်ရေးရပြီးစ နိုင်ငံများ၏ဆန္ဒမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိပြီး အချုပ်အခြာအာဏာကိုသာ တူညီမျှနှင့်အပြန်အလှန်လေးစားမှုရှိသည့် နိုင်ငံတကာဆက်ဆံရေးပုံစံအသစ် တည်ဆောက်လိုခြင်းဖြစ်ပြီး ယင်းမျှော်မှန်းချက်များကို မိမိတို့၏ခေါင်းဆောင်ကြီးများက မဟာဗျူဟာမြောက်အမြင်များဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို စတင်အဆိုပြုသည့် သမိုင်းဝင်သည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်သည် ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်ခဲ့သည့် ကြေညာချက်အပါအဝင် အဓိကနိုင်ငံတကာကြေညာချက်များတွင်လည်း ပါဝင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒသည်လည်း ယင်းမူငါးရပ်အပေါ်အခြေခံထားသည်ကို ဂုဏ်ယူစွာပြောကြားလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး သမ္မတက ယင်းမူငါးရပ်သည် အနာဂတ်ပြည်ထောင်အချင်းချင်း ဆက်ဆံရေးတွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်လာလိမ့်မည်ဟုလည်း မြန်မာနိုင်ငံအနေဖြင့် ယုံကြည်ကြောင်း၊ နိုင်ငံများကြား လမ်းညွှန်ဝါဒအဖြစ်လည်း ဆက်လက်တည်ရှိနေမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ အိမ်နီးချင်းနိုင်ငံများ၏ ဆက်ဆံရေးကို ပြန်ကြည့်လျှင်လည်း အိမ်နီးချင်းကောင်းများဖြစ်ပြီး ရာစုနှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးမှုများလည်း ရှိခဲ့ကြောင်း၊ မူကြီးငါးရပ်နှင့် အညီနေထိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ မူကြီးငါးရပ်ကို အခြေခံလက်ခံခဲ့ကြသဖြင့် နိုင်ငံသုံးနိုင်ငံကြား ချစ်ကြည်သော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုသည်လည်း ပိုမိုခိုင်မြဲလာခဲ့ကြောင်း၊ နယ်နိမိတ်ပြဿနာများကိုလည်း ငြိမ်းချမ်းစွာဖြင့် စိတ်ကျေနပ်မှုရှိအောင် ဖြေရှင်းနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး နှစ်နိုင်ငံစလုံးသည် မိမိတို့နိုင်ငံ၏ မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံများအဖြစ် ဆက်လက်တည်ရှိမည်ဟု ခိုင်မာစွာယုံကြည်ပါကြောင်း၊ အိမ်နီးချင်းကောင်းဆက်ဆံရေးကို အလေးထားသွားမည်ဖြစ်ကြောင်းနှင့် အာဆီယံဥက္ကဌ တာဝန်ထမ်းဆောင်ထားရသော မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်၊ အိန္ဒိယနိုင်ငံတို့အပါအဝင် ဆွေးနွေးဖက်နိုင်ငံများကြား လုံခြုံမှု၊ စုစည်းခိုင်မာမှုနှင့် စည်းလုံးမှုတို့ကို ဆောင်ကြဉ်းပေးမည်ဟု မိမိတို့ ခိုင်ခိုင်မာမာ ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Lingguang ဗုဒ္ဓစွယ်တော်ဘုရားကျောင်းသို့ စနေနေ့နံနက် ၉ နာရီခွဲခန့်တွင် ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံဘက်က ဘုရားကျောင်းသို့ ကျောက်စိမ်းဆင်းတုတော်တစ်ဆူ လက်ဆောင်ပေးခဲ့ပြီး ဘုရားကျောင်းကလည်း လက်ဆောင်ပြန်လည်ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံဘက်က ပေးအပ်ခဲ့သော လက်ဆောင်ပစ္စည်းများတွင် ကျောက်မျက်ရတနာများနှင့် ကျောက်စိမ်းများပါဝင်ခဲ့ပြီး တန်ကြေးအနေဖြင့် ဒေါ်လာ ၄၂၉၂၈ဝ တန်ဖိုးရှိသည်ဟု ချိုင်းနားဒေးလီးက ဖော်ပြခဲ့သည်။
Eleven Media Group

No comments:

Post a Comment