Sunday 29 June 2014

အမြန်လမ်းမကြီးတွင် သတ်မှတ်ကီလိုထက် ပိုမိုမောင်းနှင်သည့်ယာဉ် အရေးယူမှု နေ့စဉ် အစီး ၄၀ ကျော် ရှိနေ


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တစ်နာရီ ကီလို ၁ဝဝ ထက်ကျော်လွန်၍ မောင်းနှင်နေသော မော်တော်ယာဉ်အစီးရေ ၄ဝ ကျော်ကို နေ့စဉ်အရေးယူလျက်ရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်းက ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။အမြန်လမ်းဟု သတ်မှတ်ထားသော်လည်း သတ်မှတ်ထားသော မိုင်နှုန်းအတွင်းသာ မောင်းနှင်ရန် စည်းကမ်းကြပ်မတ်ထားရခြင်း၏ အကြောင်းအရင်းမှာ လိုအပ်ချက်ရှိနေသည့် လမ်းပိုင်းများကို ပြန်လည်ပြင်ဆင်နေသည့်အတွက်ကြောင့်ဟု ရဲမှူးကြီးနေဝင်းက ပြောကြားသည်။ယင်းအမြန်လမ်းမကြီးတစ်လျှောက်တွင် ဖြတ်သန်းမောင်းနှင် နေကြ သည့် ယာဉ်များတွင် GPS စနစ် တပ်ဆင်နိုင်ရန်အတွက် လမ်းတစ်လျှောက်တွင် အင်တာနက်လိုင်းရရှိရန် ဆောင်ရွက်နေကြောင်း သိရသည်။“ကျွန်တော်တို့ အခုယာဉ်တွေမှာ GPS စနစ်တွေ တပ်ဆင်ဖို့အတွက် အဆင်မပြေသေးပါဘူး။ အမြန်လမ်းတစ်လျှောက်မှာလည်း အင်တာနက်လိုင်းတွေက မရတဲ့နေရာတွေ ရှိတယ်။ သွားမယ့်စနစ်က GSM ကတ်စနစ်နဲ့ သွားမှာဖြစ်တဲ့အတွက် အင်တာနက်လိုင်းရရှိဖို့ ဝန်ကြီးဌာန လေးခုနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အမှန်တကယ်ဆိုရင် အမြန်လမ်းလို့ခေါ်တဲ့ လမ်းမကြီးမှာ ကြိုက်တဲ့နှုန်းအတိုင်း မောင်းလို့ရပေမယ့် အခုအခြေအနေက လမ်းပိုင်းတွေကို ပြင်ဆင်နေသေးတဲ့အတွက် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွေ မဖြစ်စေဖို့ ကီလိုတွေကို သတ်မှတ်ရခြင်းဖြစ်ပါတယ်” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်းက ဆက်လက်ပြောကြားသည်။

အဆိုပါ အမြန်လမ်းမကြီးတွင် သတ်မှတ်ထားသော ကီလိုအတွင်းသာ မောင်းနှင်ခြင်းနှင့် ကြံ့ခိုင်မှုမရှိသည့် ယာဉ်များကို တင်းကျပ်စွာ စစ်ဆေးအရေးယူနေခြင်းကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်များမှာ ယခင်လများထက် လျော့ကျနေကြောင်း တပ်ဖွဲ့မှူးက ပြောကြားသည်။
အမြန်လမ်းမကြီးတွင် ၂ဝ၁၄ ခုနှစ် ဧပြီလအတွင်း ယာဉ်တိုက်မှု ၈ဝ မှုဝန်းကျင်၊ မေလအတွင်း ယာဉ်တိုက်မှု ၄ဝ မှုဝန်းကျင် နှင့် ဇွန် ၂၇ ရက်နေ့အထိ ယာဉ်တိုက်မှု ၂၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယင်းကဲ့သို့ သတ်မှတ်ထားသည့် ကီလိုထက် ပိုမိုမောင်းနှင်နေသည့်ယာဉ်များကို ယာဉ်မဆင်မခြင် မောင်းနှင်မှုနှင့် အမြန်လမ်းမကြီးဥပဒေအရ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
ထို့အပြင် ယင်းလမ်းမကြီးတစ်လျှောက်တွင် အင်တာနက်လိုင်းရရှိရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာရှိ အမြန်လမ်းမကြီးများတွင်ထားရှိသည့် အမြန်နှုန်းကို ကြိုတင် အသိပေးထားသည့်စနစ်အား ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် စနစ်တကျအသုံးပြုခြင်း မရှိသေး သည်ကိုလည်း တွေ့ရသည်။
eleven media 

No comments:

Post a Comment