Wednesday 7 May 2014

အမြန်လမ်းတွင် သဲပုံစေတီတည်မည်

ယာဉ်မတော်တဆမှု များကြောင့် သေဆုံးမှု မြင့်တက်နေသော ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်ရှိ ၁၁၆ မိုင် တွင် မေလ ၁၀ ရက် ည ၈ နာရီအချိန်နှင့် ၁၁ ရက်နေ့ နံနက်ခင်းများတွင် ပြုလုပ်မည့် အကျွတ်အလွတ် ဒါနပွဲ မကျင်းပမီ မေလ ၇ ရက်၊ နံနက်ပိုင်းတွင် ၃၁ ဘုံသားများ ဖူးမြော်နိုင်ရန် သဲပုံစေတီ တည်ထားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူ ဒေါက်တာမိုးမိုးခိုင်က ပြောကြားသည်။

“နတ်ရေကန် ဆရာတော်ကြီးက နံနက် ၈ နာရီလောက်မှာ ဦးဆောင်တည်မှာပါ။ ရည်ရွယ်ချက်ကတော့ ဒီ လမ်းပေါ်မှာ မကျွတ်မလွတ်သေးတဲ့ သူတွေကို ကျွတ်လွတ်အောင် ဒါနပွဲ ကျင်းပပြီး အမျှဝေ ဆုတောင်းပေး ချိန်မှာ တည်ထားတဲ့ စေတီကို ဖူးတွေ့ရပြီး သူတို့ ဘဝဟောင်းကို ပြန်အမှတ်ရစေရေး အတွက်ပါ” ဟု ၎င်း က  ဆက်လက်ပြောကြားသည်။

အဆိုပါ ဒါနပွဲကို ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ဖြူးမြို့နယ် မိုင်တိုင်အမှတ် ၁၁၆ အနီးတွင် ပြုလုပ်သွားမည် ဖြစ်ပြီး ပင့်သံဃာငါးပါးဖြင့် ယင်းနေရာတစ်ဝိုက်ရှိ တောစောင့်နတ်၊ တောင်စောင့်နတ် များကို ဆုတောင်း အမျှဝေခြင်း ပြုလုပ်ပေးရန် စီစဉ်ထားကြောင်း ဦးဆောင်စီစဉ်သူ အချို့ထံမှ စုံစမ်းသိရှိရသည်။

“ဒီအမြန်လမ်းဟာ ပဲခူးရိုးမကို ကျော်ဖြတ်ပြီး ဖောက်လုပ်ထားတာကြောင့် သစ်ပင်ကြီးတွေ ခုတ်လဲပစ် လိုက်လို့ သူတို့တစ်တွေ နေစရာမရှိတာနဲ့ အခုလို အနှောင့်အယှက် ပေးနေသလား တွေးမိတယ်။ ဒါကြောင့် ဒီအမျှဝေပွဲကို စီစဉ်ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ဒေါက်တာမိုးမိုးခိုင်က ဆိုသည်။

မေလ ၁၀ ရက် ည ၈ နာရီအချိန်တွင် အစားအစာ ကျွေးမွေးခြင်း၊ တောစောင့်နတ်၊ တောင်စောင့်နတ် အပေါင်းတို့ကို တောင်းပန်ခြင်းများ ပြုလုပ်ကာ နောက်တစ်နေ့ နံနက်စောစောချိန်တွင် အမျှပေးဝေခြင်း၊ သစ်ပင်အစားထိုး စိုက်ပျိုးခြင်းများ ဝိုင်းဝန်း ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ယင်းပွဲ အစီအစဉ်အရ သိရသည်။
အဆိုပါ အကျွတ်အလွတ် ဒါနပွဲကို ဦးဆောင် စီစဉ်သူများနှင့် လိုက်ပါ လှူဒါန်းမည့် သူများသည် မေလ ၁၀ ရက် ည နေ ၃ နာရီအချိန် မန္တလေးမြို့မှ စတင်ထွက်ခွာမည် ဖြစ်ကြောင်း၊ စိတ်ပါဝင်စား သူများသည် ဦးဆောင် စီစဉ်သူများ ဖြစ်သည့် ဒေါက်တာမိုးမိုးခိုင် ဖုန်း၀၂-၇၅၁၁၄၊ ၀၉-၂၀၅၁၁ ၂၂ နှင့် ဒေါ်မိုးလေး ၀၉၄၀၂၅၄၆၀၇၅ တို့ထံ ဆက်သွယ်နိုင်ကြောင်း ယင်းပွဲစီစဉ်သူများထံမှ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု များကြောင့် လူသေဆုံးမှုများ များစွာဖြစ်ပေါ်နေ ပြီး ယင်းသို့ ဖြစ်ရခြင်းအပေါ် နည်းပညာ ရှုထောင့်မှကြည့်ကာ ယာဉ်မောင်းနှင်မှု၊ ယာဉ်ကြံ့ခိုင်မှု၊ လမ်း တည်ဆောက်မှု အနေအထားစသဖြင့် သုံးသပ် ဝေဖန်မှုများလည်း အများအပြား ပြုလုပ်လျက် ရှိသည်။

မန္တလေးမှ ရန်ကုန်မြို့တော်သို့ မကြာခဏ လာရောက်ရသည့် စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးကမူ ယာဉ်များ တွင် ခါးပတ် မပါရှိခြင်း၊ လမ်းတွင် ယာဉ်ရပ်နားစခန်း နှစ်နေရာ ရှိသော်လည်း တစ်နေရာ၌သာ ရပ်နားခြင်း၊ မောင်းနှင်ချိန် တိုလွန်းခြင်း၊ စပယ်ယာများက ယာဉ်မောင်းကို အထောက်အကူ မပေးနိုင်ခြင်း တို့ကို ပြင်ဆင်သင့်ကြောင်း အကြံပြု ပြောကြားသည်။ 

The Voice Weekly

No comments:

Post a Comment