Wednesday 9 April 2014

ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များတွင် လုပ်ကိုင်ခွင့် ရသည့် နိုင်ငံခြားကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ရန် A1 Mining ကုမ္ပဏီ အပါအ၀င် ပြည်တွင်းကုမ္ပဏီရှစ်ခု ရွေးချယ်ခံရ

မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များတွင် လုပ်ကိုင်ခွင့် ရသည့် နိုင်ငံခြား ကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ရန် A1 Mining ကုမ္ပဏီအပါအ၀င် ပြည်တွင်း ကုမ္ပဏီရှစ်ခု ရွေးချယ် ခံရကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
နိုင်ငံခြားကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ရန် ရွေးချယ်ခံရသည့် ပြည်တွင်းကုမ္ပဏီ ရှစ်ခုမှာ A1 Mining Co.,Ltd.၊ United National Resources Development Services Co.,Ltd.၊ Myanmar Petroleum E&P Co.,Ltd.၊ Smart E&P Co.,Ltd.၊ Parami Energy Development Co.,Ltd.၊ Oil Star Management Services Co.,Ltd၊ Royal Marine Engineering Co., Ltd.၊ Lin Win Co.,Ltd တို့ဖြစ်ကြောင်း သိရသည်။

ကမ်းဝေးရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၂၀ အတွက် ရွေးချယ်ခံရသည့် ကုမ္ပဏီများအား စွမ်းအင် ၀န်ကြီးဌာနမှ ယခုနှစ် မတ် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး  ယင်းကုမ္ပဏီများထဲတွင် ကမ္ဘာ့ ထိပ်တန်း ရေနံကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာနမှ ကမ်းနီး၊ ကမ်းလွန် လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်တွင် တင်ဒါခေါ်ယူခဲ့ပြီး ပဏာမ ရွေးချယ်ခံရသည့် ကုမ္ပဏီများစာရင်းကို ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ ပဏာမ ရွေးချယ်ပြီးနောက် အပြီးသတ်ရွေးချယ်ခံရသည့် ကုမ္ပဏီများကို ၂၀၁၄ ခုနှစ် မတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှတ်ပုံတင် ထား သည့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ ၁၆၀ ကျော်အထိရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာထိပ်တန်း စီးပွားရေးလုပ်ငန်းများဖြစ်သော ရွှေတောင်၊ ဧဒင်နှင့် IGE ကုမ္ပဏီ၊ ကမ္ဘောဇ၊ အေ၀မ်း၊ ပတ္တမြားနဂါး၊ တာမိုးညဲချမ်းသာ အစရှိသည့် ကုမ္ပဏီများလည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၌ ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှတ်ပုံတင်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အခြားကဏ္ဍများထက် ပိုမိုများပြားနေပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီလကုန်အထိ ယင်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄ ဘီလျံကျော်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment