Saturday 8 March 2014

မေးခွန်းကို တိုက်ရိုက် ဖြေဆိုရန် အစိုးရအဖွဲ့ကို လွှတ်တော်ဥက္ကဋ္ဌ ပြော

လွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းသော မေးခွန်းများကို သွယ်ဝိုက်ခြင်း မရှိဘဲ မေးခွန်းအတွက် အဖြေကိုသာ တိုက်ရိုက်ဖြေဆိုရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သမ္မတရုံး အမှတ်(၄) ဒုတိယဝန်ကြီး ဦးအောင်သိမ်းနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ကို ပြောကြားသည်။

“နောင်ဆိုရင် မေးခွန်းကို တိုက်ရိုက်ဖြေဖို့ လိုမယ်လို့ ပြောလိုပါတယ်။ မဖြေနိုင်သေးရင် မဖြေနိုင်ဘူးလို့ ပြောလို့ရပါတယ်။ နောင်များ လွှတ်တော် ကိုယ်စားလှယ် မေးတဲ့ မေးခွန်းကို မေးတဲ့ အကြောင်းအရာကို တစ်ခါတည်း ဖြေဖို့ လိုကြောင်းကို သမ္မတရုံး ဒုဝန်ကြီး အမှတ် (၄) ကိုလည်း တစ်ဆင့် ဒီလိုပဲ ပြောကြားရမှာ ဖြစ်ပါတယ်” ဟု သူရ ဦးရွှေမန်းက ဆိုသည်။

ယင်းကဲ့သို့ ဖြေကြားပေးရန် ဝန်ကြီးဌာန အသီးသီးသို့ သမ္မတရုံးမှ တစ်ဆင့် ညွန်ကြားပေးရန်လည်း သူရ ဦးရွှေမန်းက တိုက်တွန်းခဲ့သည်။

ယနေ့ (မတ်လ ၇ရက်နေ့) ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သီပေါ မဲဆန္ဒနယ်မှ ဦးရဲထွန်း မေးမြန်းသော မေးခွန်းကို သမ္မတရုံး ဒုဝန်ကြီး ဦးအောင်သိမ်းက ပြန်လည် ဖြေကြားရာတွင် မေးခွန်းနှင့် အဓိက သက်ဆိုင်သည့် ကိစ္စကို ဖြေကြားမှု မရှိသောကြောင့် ၎င်းက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် မိုးကောင်း-ဖားကန့် လမ်းကို အဆင့်မြှင့် ပြုပြင်ရန် ကချင်ပြည်နယ် အစိုးရသည် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းရှင်များ ထံမှ ကျောက်ကွက် တစ်ကွက်လျှင် ကျပ်သိန်းတစ်ရာ တောင်းခံနေသဖြင့် ယင်းကိစ္စသည် ဥပဒေနှင့် ညီညွတ်မှု ရှိ မရှိ နှင့် ငွေထည့်သွင်းခြင်း မရှိသည့် ကုမ္ပဏီများကို အရေးယူခြင်း ရှိ မရှိကို ဦးရဲထွန်းက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် မေးခွန်းနှင့် ပတ်သက်သော အချက်အလက်များကို ဖြေကြားခြင်း မရှိဘဲ လမ်း၏ အရှည်၊ ဖြတ်သွားသည့် ယာဉ်အမျိုးအစား၊ မြို့ချင်းဆက် သွားလာရသည့် ခရီး ကြာချိန်နှင့် နှစ်စဉ် ပျက်စီးမှု အခြေအနေများ ကိုသာ ဒုတိယဝန်ကြီးက ဖြေကြားခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

“မေးတဲ့ မေးခွန်းက ကချင်ပြည်နယ် အစိုးရကိုယ်စား ဖြေဆိုရတာ ဖြစ်ပါတယ်။ မေးခွန်းရဲ့ အဖြေက အဖြေစာရွက်မှာကိုက လုံးဝ မပါရှိပါဘူး” ဟု ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ရှင်းပြသည်။

ထို့ကြောင့် သိလိုသည့် အဖြေကို ကချင်ပြည်နယ် အစိုးရကို ပြန်လည် မေးမြန်းပြီး လာရောက် ဖြေကြားပေးမည် ဖြစ်ကြောင်း ၎င်းက ကတိပြု ပြောဆိုသည်။

ယင်းကိစ္စသည် ပြည်ထောင်စု အစိုးရနှင့် ကချင်ပြည်နယ် အစိုးရအပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာနပါ သက်ဆိုင်နေ သောကြောင့် ပြန်လည် ဖြေကြားသည့် အချိန်တွင် ဥပဒေနှင့် အညီ မှန်ကန် တိကျစေရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အကြံပြုချက်နှင့် သုံးသပ်ချက်များ ပါရှိစေလိုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အစည်းအဝေး ပြီးဆုံးချိန်တွင် ထပ်မံ ပြောဆိုခဲ့သည်။

The Voice Weekly

No comments:

Post a Comment