Saturday 8 March 2014

စစ်တပ်၏ သိမ်းဆည်းမြေများထဲမှ နောက်ထပ် ဧက တစ်သိန်းခွဲကျော် ပြန်လည်စွန့်လွှတ်ပေးရန်ရှိဟု ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ပြောကြား

စစ်တပ်သိမ်းဆည်း မြေများထဲမှ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် သီးခြားအဖွဲ့ စနစ်ဖြင့် စိစစ်ဆောင်ရွက်မှုများအရ နောက်ထပ် ပြန်လည်စွန့် လွှတ်ပေးမည့် မြေဧကပေါင်း ၁၅၄၈၉၂ ဒသမ ၁၀၂ ရှိပြီး အဆိုပါ မြေများကို သက်ဆိုင်သူများထံသို့ ပြန်လည်ရောက်ရှိရေး တွန်းအားပေး ဆောင်ရွက်ရန် လိုသည်ဟု ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားခဲ့ကြောင်း မတ် ၇ ရက် နိုင်ငံပိုင်ရုပ်သံသတင်း ထုတ်လွှင့်မှုအရ သိရသည်။

မတ် ၇ ရက်က နေပြည်တော်ရှိ ပြည်ထဲရေး ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သော မြေအသုံးချရေး စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် ၂/၂၀၁၄ တွင် အဆိုပါကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သည့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အမှာစကား ပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေး ၀န်ကြီးဌာန အနေဖြင့် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မတီအစီရင်ခံစာ အပိုင်း (၁) (၂)(၃) ပါ ၎င်းတို့နှင့် သက်ဆိုင်သည့် မြေများအနက် ၂၄၈၅၄ ဒသမ ၉၁၀ ဧကနှင့် အစီရင်ခံစာတွင် မပါဝင်သည့် ၂၉၄၀၀ ဒသမ ၀၉၃ ဧကစုစုပေါင်း ၅၄၂၅၅ ဒသမ ၀၀၃ ဧကကို ပြန်လည်စွန့်လွှတ်ပြီးဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

ပြန်လည်စွန့်လွှတ်နိုင်ခြင်း မရှိသည့် မြေများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် မြေသိမ်းစဉ်က တည်ဆဲဥပဒေများနှင့်အညီ နည်းလမ်းတကျ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင်လည်း အဆိုပါ သိမ်းဆည်းမြေများအား နိုင်ငံတော်နှင့် အများပြည်သူအတွက် အမှန်တကယ် အကျိုးရှိစွာ သုံးစွဲထားလျက်ရှိကြောင်းကို ပြန်လည်တောင်းဆိုထားသည့် ပြည်သူများသို့ အကျေအလည်ချပြ ရှင်းလင်းရန်လိုကြောင်းနှင့် ပြန်လည်စွန့်လွှတ်သည့် မြေများကိုလည်း စာရင်းဇယားများနှင့် ပြည်သူများသို့ ချပြရန်လိုကြောင်းလည်း ၎င်းက ပြောကြားသည်။

စာရင်းဇယားများအရ တစ်စိတ်တစ်ဒေသ စွန့်လွှတ်ရမည့် မြေ ၇၉၀၂၆ ဒသမ ၆၉ ဧကအနက် ပြန်လည်စွန့်လွှတ်သည့် မြေ ၃၈၉၅၆ ဒသမ ၀၆ ဧကတွင် ၅၈၇၂ ဒသမ ၆၅ ဧကကိုသာ ပြန်ပေးပြီး ဖြစ်သည့်အတွက် ၁၅ ဒသမ ၀၈ ရာခိုင်နှုန်းသာ သက်ဆိုင်သူ များသို့ ပြန်လည်ပေးအပ်ပြီး ဖြစ်သည်ကို တွေ့ရကြောင်း၊ အားလုံးစွန့်လွှတ်ရမည့် မြေ ၁၉၇၈၈ ဒသမ ၂၅ ဧကအနက်၂၅၃၃၆ ဒသမ ၄၄၁ ဧကအား ပြန်လည်စွန့်လွှတ်ပြီး ဖြစ်သည့်အတွက် တိုင်စာပါဧကထက် ပိုမိုစွန့်လွှတ် ထားသည်ကို တွေ့ရသော်လည်း သက်ဆိုင်သူများသို့ ၅၆၅၅ ဒသမ ၁၃ ဧကကိုသာ ပြန်ပေးပြီး ဖြစ်သည့်အတွက် စွန့်လွှတ်မည့်မြေ၏ ၂၂ ဒသမ ၃၂ ရာခိုင်နှုန်းကိုသာ ပြန်လည်ပေးအပ် နိုင်သေးသည်ကို တွေ့ရကြောင်းလည်း ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားသည်။

အချက်အလက်နှင့် စာရင်းဇယားများ အားနည်းသည့်အတွက် သက်သေခံ စာရွက်စာတမ်းများ မပြနိုင်သော်လည်း အများက ကြည်ညိုလေးစားသည့် ရပ်မိရပ်ဖများ၏ ပြောဆိုထောက်ခံချက်များဖြင့် မြေအသုံးချပိုင်ခွင့်ရှိကြောင်း၊ သက်သေထင်ရှား ပြနိုင်ပါက ယာယီပြန်လည်လွှဲပြောင်း ပေးအပ်ရန်ဖြစ်ကြောင်း၊ ပြန်လည်စွန့်လွှတ် မြေများအပေါ် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော လူပုဂ္ဂိုလ်အဖွဲ့အစည်းများက အငြင်းပွားမှု ပေါ်ပေါက်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်ပြီး ဆိုင်ရာတရားရုံးများ၏ အဆုံးအဖြတ်ခံယူရမည် ဖြစ်ကြောင်း၊ ပြန်လည်စွန့်လွှတ်မြေများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးသွားရန် ဖြစ်ကြောင်း စသည်ဖြင့်လည်း ဒုတိယသမ္မတက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment