Saturday 8 March 2014

မန္တလေး ဘူတာကြီး အနီးတွင် ပြိုင်ကားတစ်စီး လမ်းလယ်ကျွန်း တိုက်မိ၍ တိမ်းမှောက်


မန္တလေး ဘူတာကြီး အရှေ့တွင် မတ်လ ၆ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ် အချိန်က Toyota Supra အနက်ရောင် ပြိုင်ကား တစ်စီးသည် အဝိုင်းပတ်ကို လမ်း ၃၀ ဘက်မှ မောင်းနှင်ပြီး ၇၈ လမ်းနှင့် ၃၁ လမ်းဘက်သို့ ကွေ့မောင်းစဉ် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ပလက်ဖောင်းကို တိုက်ကာ တိမ်းမှောက်သွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုယာဉ်တိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရသူနှင့် အသက် သေဆုံးသူ မရှိကြောင်း၊ ကားမောင်းနှင်သူမှာ လူငယ် တစ်ဦးဖြစ်ပြီး ကားအမျိုးအစားမှာ ၂ ဃ - - - Toyota Supra ပြိုင်ကား အမျိုးအစား ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကားပိုင်ရှင်က အသက် ၁၉၊ ၂၀ လောက်ပဲ ရှိသေးတယ်။ စစ်ဆေး မေးမြန်းတဲ့ အချိန်မှာလည်း ကောင်လေး စိတ်တွေက မတည်ငြိမ် ဖြစ်နေတယ်။ အခုတော့ စစ်ဆေး မေးမြန်းနေတယ်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ၎င်းကဆိုသည်။

ယင်းယာဉ် တိမ်းမှောက်မှု ဖြစ်စဉ်အား သတင်းယူနေသော ရုပ်သံ သတင်းထောက် တစ်ဦးကိုလည်း ယာဉ်မောင်း ဖြစ်သူက ယခုသတင်းကို မတင်ရန်နှင့် ယခု ဖြစ်စဉ်အား မတင်လျှင် ပိုက်ဆံမည်မျှ ပေးရမည်နည်းဟု ပြောခဲ့ကြောင်း ရုပ်သံ သတင်းထောက်က ပြောကြားသည်။

“မှောက်သွားတဲ့ ကားက ကားမောင်းတဲ့ ကောင်လေးက အရက်သောက် ထားတာလား၊ ဆေးတွေများ သုံးစွဲထား သလားတော့ မသိဘူး။ အော်ချင်တာတွေ လျှောက်အော်နေတာပဲ။ ကားမှောက်တော့ ဘေးနားက ကူညီဆောင်ရွက်ပေးတဲ့ လူတွေကိုလည်း အော်ဟစ်နေတာ” ဟု ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားစဉ် ဘေးနားတွင် ရှိသော မျက်မြင်သက်သေ တစ်ဦးက ဆိုသည်။

The Voice Weekly

No comments:

Post a Comment