Wednesday 5 February 2014

အစ္စလာမ်မစ် စစ်သွေးကြွ ၅၇ ဦးကို အီရတ်အစိုးရတပ်ဖွဲ့များနှင့် မဟာမိတ်လူမျိုးစု တပ်ဖွဲ့ဝင်များပစ်သတ်

အီရတ်အစိုးရတပ်ဖွဲ့များနှင့် မဟာမိတ် လူမျိုးစုတပ်ဖွဲ့ဝင်များက အစ္စလာမ်မစ် စစ်သွေးကြွ ၅၇ ဦးကို တနင်္လာနေ့က အန်ဘာပြည်နယ်တွင် ပစ်သတ်ခဲ့ကြသည်ဟု ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ ကြောင်း ဖေဖော်ဝါရီ ၄ ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။


ဆွန်နီမွတ်စလင်သူပုန်များ ထိန်းချုပ်ထားသော ဖာလ်လူဂျာမြို့ကို ဆက်လက် တိုက်ခိုက်နိုင်ခြေရှိပြီး ထိုသို့ မတိုက်ခိုက်မီ ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။

အီရတ်အစ္စလာမ်မစ် နိုင်ငံတော်နှင့် မြေထဲပင်လယ်အရှေ့ပိုင်းမှနိုင်ငံများအဖွဲ့ (ISIL) မှ အဖွဲ့ဝင်များဖြစ် ကြသော စစ်သွေးကြွဦးရေ မည်မျှကျဆုံးကြောင်း အတိအကျကို လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုနိုင်မှု မရှိသေးပေ။ ထိုအဖွဲ့သည် အိမ်နီးချင်း ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်တွင်လည်း ပါဝင်တိုက်ခိုက်နေသည်။

ရှီးယားမွတ်စလင်များ ကြီးစိုးသော အီရတ်အစိုးရတပ်များက ဖာလ်လူဂျာမြို့နှင့် အနီးအနားမှ အန်ဘာ ခရိုင် အနောက်ခြမ်းရှိ ရာမာဒီမြို့များကို ပြီးခဲ့သည့် သောကြာနေ့က ၀င်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ISIL အဖွဲ့ အပါအ၀င် အခြားဆွန်နီစစ်သွေး ကြွအုပ်စုများက အကြီးအကျယ် ဒေါသထွက်ခဲ့ကြသည်။

သေဆုံးခဲ့သည့် ၅၇ ဦး အနက် အများစုမှာ ရာမာဒီမြို့ အပြင်ဘက်တွင် သေဆုံးခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနက ကြေညာခဲ့သော်လည်း အသေးစိတ်ကို ပြောကြားခဲ့ခြင်းမရှိပေ။

ပဋိပက္ခများမှ ထွက်ပေါက်အဖြစ် ညှိနှိုင်း ဆွေးနွေးနိုင်ရန်အတွက် ဖာလ်လူဂျာမြို့ကို အလုံးအရင်းဖြင့် တိုက်ခိုက်မှုများကို အီရတ်ဝန်ကြီးချုပ်မာလီခီက ရပ်ဆိုင်းထားခဲ့သော်လည်း ကြားဝင်ဖြန်ဖြေရေး လုပ်ငန်း များ မအောင်မမြင် ဖြစ်ခဲ့ရသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့နှောင်းပိုင်းက အစိုးရတပ်ဖွဲ့ဝင်များသည် ဖာလ်လူဂျာမြို့ကို ဗုံးကြဲတိုက်ခိုက်ခြင်းကို အရှိန်တိုးမြှင့်ခဲ့ပြီး မြေပြင်မှ တိုက်ခိုက်မှုများလည်း ဆက်လက်ပြုလုပ်သွားမည်ဟု လုံခြုံရေး အရာရှိများက ပြောသည်။

မကြာမီ ဖာလ်လူဂျာမြို့ကို မဖြစ်မနေ ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ ဆွေးနွေးပြောဆိုမည့် အချိန် ကုန်ဆုံးသွားပြီဖြစ်ကြောင်း ပဋိပက္ခတွင် တိုက်ရိုက် ပါဝင်ကိုင်တွယ်နေရသော ထိပ်တန်း လုံခြုံရေး အရာရှိတစ်ဦးက ဆိုသည်။

စစ်တပ်သည် မြို့ကို ပိုမို ပြင်းထန်စွာ တိုက်ခိုက် သိမ်းပိုက်သွားမည်ဖြစ်ပြီး စစ်သွေးကြွများ အင်အားချည့် နဲ့လာစေရန်နှင့် မြို့တွင်းနေထိုင်သူများကို နှင်ထုတ်နိုင်ရန် အနည်းဆုံးသုံးရက်ကြာ ဆက်လက် ဗုံးကြဲ တိုက်ခိုက်သွားမည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment