Wednesday 5 February 2014

တပ်မတော်သားများအတွက် သက်စွန့်တာဝန်စရိတ် ငါးထောင် ပိုပေးထားဟုဆို

တပ်မတော်သားများအတွက် ပင်ပန်းကြမ်းတမ်းမှုနှင့် အသက်စွန့် တာဝန်စရိတ်အဖြစ် ကျပ်ငွေ ငါးထောင်ကို လစာအတွင်း ထည့်ပေးထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားသည်။


ရဲတပ်ဖွဲ့ဝင်များအား တပ်မတော်သားများ နည်းတူ လစာပေးနိုင်ခြင်းရှိ မရှိနှင့် ပတ်သက်၍ ယနေ့ ဖေဖော်ဝါရီလ ၄ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပေါက် မဲဆန္ဒနယ်မှ ဦးခင်မောင်ညို၏ မေးမြန်းမှုအပေါ် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

အသက်နှင့်ခန္ဓာ စွန့်လွှတ်၍ တာဝန် ထမ်းဆောင်ရသော တပ်မတော်သားများ အတွက် အခြားသော အစိုးရအဖွဲ့ဝင် ဝန်ထမ်းများထက် သီးသန့် လစာပိုပေးခြင်းအပြင် ရိက္ခာ စားသောက်ကုန် ၁၅ မျိုးကို အခမဲ့ ထုတ်ပေးထားကြောင်း ၎င်းကဆိုသည်။
အသက်စွန့် တာဝန် ထမ်းဆောင်ကြေး ပိုပေးသော ၅၀၀၀ ကျပ်သည် တပ်သားမှ ဗိုလ်ချုပ်မှူးကြီးအထိ ပုံမှန်ပေးထားခြင်း ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းထံမှ သိရသည်။

နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (င) အရ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကြားတွင် ထမ်းဆောင်ရသော ရည်မှန်းချက် တာဝန်၊ လုပ်ငန်း သဘာဝနှင့် အခြေစိုက် နေထိုင်မှု အခြေအနေ မတူညီသောကြောင့် လစာ၊ ရိက္ခာ/စရိတ်တို့လည်း တူညီမှု မရှိကြောင်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားသည်။

ရဲတပ်ရင်းများသည် တပ်မတော်နှင့် လစာ၊ စရိတ် တူညီစွာ ခံစားမှု မရှိသော်လည်း ထောက်ပံ့မှုစရိတ်နှင့် ကျန်းမာရေးစရိတ်ကို ပေးရန် စီစဉ်ထားပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များကဲ့သို့ စီမံပေးရန် နိုင်ငံ့ဘဏ္ဍာတွင် တောင်းခံထားကြောင်း ၎င်းက ရှင်းပြသည်။

The Voice Weekly 

No comments:

Post a Comment