Thursday, 27 February 2014

စားဝတ်နေရေး ခက်ခဲလာ၍ ကမ်းဝေးငါးဖမ်း သင်္ဘောကြီးများကို ရခိုင်ရေလုပ်သားများ ဆန္ဒပြ

ပင်လယ်ကမ်းဝေး ငါးဖမ်းသင်္ဘောကြီးများ ကမ်းနီးသို့တိုင် ဝင်ရောက် ငါးဖမ်းမှုကြောင့် တစ်ပိုင်တစ်နိုင် ရေလုပ်သားငယ် မိသားစုများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ တစ်ပိုင်တစ်နိုင် ရေလုပ်သားများက ဆန္ဒပြကြကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားသည်။


ရခိုင်ပြည်နယ်တွင် ပင်လယ်ကမ်းဝေး သင်္ဘောကြီးများသည် ကမ်းခြေမှ ၅ မိုင် အပြင်ဘက်တွင်သာ ငါးဖမ်းခွင့် ရှိသော်လည်း ကမ်းနီးရေပြင်အထိ ဝင်ရောက် ငါးဖမ်းဆီးမှု များကြောင့် ငါးအထိအမိ နည်းပါးလာမှုနှင့်အတူ ရေလုပ်သားငယ်များမှာ စားဝတ်နေရေးခက်ခဲကာ အလုပ်လက်မဲ့ ဖြစ်လာကြောင်း ယင်းကြောင့် ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲတွင် ရခိုင်ရေလုပ်သား ၂၀၀ ကျော်က ခွင့်ပြုမိန့် တင်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု အဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်သူများက ရှင်းပြသည်။

ရခိုင် ရေလုပ်သားငယ်အရေး ဆန္ဒပြသူများသည် သံတွဲ-ဂွ လမ်းပေါ်ရှိ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ၊ ဆောက်လုပ်ရေးဗိုလ်တဲမှ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အိမ်ရှေ့ကို ဖြတ်၍ ကျိန္တလီမြို့နယ်ခွဲ အထွေထွေ အုပ်ချုပ်ရေး ဦးစီးရုံးရှေ့သို့ အသွားအပြန် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူ ကျိန္တလီမြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်နေ ရေလုပ်သား ဦးကျော်စိုးလင်းက ဆိုသည်။

ဆန္ဒပြပွဲတွင် ကမ်းဝေးငါးဖမ်း သင်္ဘောများ ကမ်းနီးရေပြင်သို့ ဝင်ရောက် မဖမ်းဆီးရေး ပြည်ထောင်စုအစိုးရ ဆောင်ရွက်ပေး၊ ဒေသခံ ကမ်းနီးရေ လုပ်သားများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကမ်းဝေးသင်္ဘောများ ဖယ်ရှားပေး၊ ပင်လယ်ပြင် တရားဥပဒေ စိုးမိုးရေး ပြည်ထောင်စု အစိုးရ ဆောင်ရွက်ပေး စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။

ရခိုင်ဒေသ ရေလုပ်သားငယ်များ၏ အဆိုအရမူ အဆိုပါ ကမ်းဝေး ငါးဖမ်း သင်္ဘောကြီးများသည် ကမ်းခြေမှ လေးဖာလုံ (မိုင်ဝက်) တိုင်အောင် ဝင်ရောက် ဖမ်းဆီးလျက်ရှိပြီး ဂွမြို့ရှိ မောင်းထောက်စွန်းအငူနှင့် သံတွဲမြို့ရှိ မော်ရုံစွန်းအငူ အကြားတွင် အဓိက ဖမ်းဆီးလျက်ရှိသည်။
ဆန္ဒပြမှုတွင် ပါဝင်သည့် ပုန်းညက်ကျေးရွာမှ ရေလုပ်သားတစ်ဦးကမူ “ဆန္ဒပြတာကို လူကြီးတွေသိရင် ကျွန်တော်တို့ ကိစ္စကို ဖြေရှင်းမယ်ထင်လို့ပါ” ဟု ဆန္ဒပြပွဲတွင် ပါဝင်ရသည့် အကြောင်းကို ပြောပြသည်။

အလုပ်လက်မဲ့ ၄၃ ဒသမ ၅ ရာခိုင်နှုန်း ရှိနေသော ရခိုင်ပြည်နယ်တွင် ထပ်ဆင့်ဖြစ်ပေါ်လာသည့် ကမ်းနီး ရေလုပ်သားများ၏ စားဝတ်နေရေး အခက်အခဲကြောင့် ပင်လယ်ကမ်းဝေး ငါးဖမ်းသင်္ဘောကြီးများ ကမ်းနီးသို့တိုင် ဝင်ရောက် ငါးဖမ်းမှုသည် သတိထားရမည့် ပြဿနာတစ်ရပ် ဖြစ်လာသည်ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက သုံးသပ်သည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်ကမူ ကမ်းခြေသည် ငါးသားပေါက်ရာ နေရာဖြစ်၍ ကမ်းဝေးသင်္ဘောကြီးများက သတ်မှတ် စည်းကမ်းကို ဖောက်ဖျက်၍ ဝင်ရောက် ငါးဖမ်းဆီးပါက ရေရှည်တွင် ငါးသယံဇာတ ရှားပါးနိုင်သည်ဟု ထောက်ပြသည်။

ယင်းအပြင် ကမ်းဝေးငါးဖမ်း သင်္ဘောကြီးများသည် ကမ်းနီးရေ လုပ်သားများ လုပ်ကွက်ကို မလုသင့်ဟုလည်း ၎င်းကဆိုသည်။
“ဒါကတော့ ဆန္ဒပြရမှာပဲ။ သူတို့ (ရေလုပ်သားငယ်) ရဲ့ လုပ်ပိုင်ခွင့်အရ လုပ်မှာပေါ့။ ကမ်းဝေးသင်္ဘောတွေ ကမ်းနီးလာဖမ်းရင် ရေလုပ်သားငယ်တွေ လုပ်ကွက် ပျောက်သွားမှာပေါ့။ သူတို့ဆန္ဒပြတာ မှန်ပါတယ်” ဟု ဦးဝင်းကြိုင်က မှတ်ချက်ပြုသည်။

ကမ်းဝေး ငါးဖမ်းသင်္ဘောကြီးများ ကမ်းနီးသို့ ဝင်ရောက် ငါးဖမ်းဆီးမှု၏ အကျိုးဆက်အဖြစ် ပင်လယ်ကမ်းခြေတွင် ငါးခြောက်များ နေလှန်းခြင်း၊ အမျိုးအစား ခွဲခြားခြင်းစသည့် လုပ်ငန်းကို လုပ်ကိုင်သည့် အမျိုးသမီးများလည်း အလုပ်အကိုင် ရှားပါးလာကြောင်း ကျိန္တလီမြို့နယ်၊ ပုန်းညက်ရွာတွင် အဆိုပါ လုပ်ငန်းကို လုပ်ကိုင်သူ အသက် ၂၁ အရွယ် မမီးမီးက ပြောကြားသည်။
“ဒီနှစ်ပိုင်းတွေမှာ အလုပ်မလုပ်ရတဲ့ ရက်တွေတောင်ရှိတယ်။ အဲလိုနေ့ဆို ပိုက်ဆံတစ်ပြားမှ မရဘူး” ဟု ငါးနီတူခြောက်များကို တောင်းထဲ ပစ်ထည့်လိုက်ရင်း ၎င်းကဆိုသည်။

ငါးခြောက် အမျိုးအစား ခွဲခြားခြင်းကို လုပ်ကိုင်သည့် အမျိုးသမီးများအတွက် တစ်နေ့လုပ်အားခမှာ ၂၀၀၀ ကျပ်သာရရှိပြီး ငါးမရှိ၍ အလုပ်မရှိသည့် နေ့များတွင် အလုပ်ရှင်ထံမှ အကြွေးယူ၍ ထမင်းချက် ရသည်ဟု မမီးမီးက ဆိုသည်။

ရပ်ကွက်သုံးခု၊ ကျေးရွာလေးခုဖြင့် ဖွဲ့စည်းထားသော ကျိန္တလီမြို့နယ်ခွဲ တစ်ခုလုံးတွင် ရေလုပ်သားငယ် ၃၀၀၀ ခန့်ရှိပြီး အဆိုပါ ရေလုပ်သားများ၏ ငါးဖမ်းဆီး ရရှိမှုသည် ၎င်းတို့ကို မှီခိုနေရသည့် မိသားစုဝင် ၁၅၀၀၀ ခန့် ရှိကြောင်း တွေ့ရသည်။

ပင်လယ်ကမ်းဝေး ငါးဖမ်းသင်္ဘောကြီးများသည် နံပါတ်များ၊ နာမည်များကို ဖျက်၍ ကမ်းနီးသို့ ဝင်ရောက် ဖမ်းဆီးမှုကြောင့် ရေလုပ်သားငယ်များ၏ ငါးဖမ်းပိုက်များကို တိုက်မိရာတွင် ရေလုပ်သားငယ်များက အဆိုပါ သင်္ဘောကို မမှတ်မိကြောင်း၊ ငါးဖမ်းပိုက်များ ပျက်စီးမှုအတွက်လည်း လျော်ကြေး မရကြောင်း ကျိန္တလီမြို့နယ်ခွဲ၊ သဲကုန်းကျေးရွာမှ ရေလုပ်သား ဦးမြင့်လွင်က ဆိုသည်။

“အဲဒီသင်္ဘောကြီးကို နောက်ကနေ ကြည့်လိုက်တာ ရန်ကုန်ဆိုပြီး ရေးထားတာပဲ မြင်ရတယ်။ ပုစွန်ဖမ်းပိုက် တစ်ဝက်လောက်က တိုက်ပြီး သင်္ဘောနောက် ငြိပါသွားတယ်။ ကျွန်တော်တို့လှေက ရှေ့တစ်ယောက် နောက်တစ်ယောက် လှော်နေရတာ။ အဲဒီအချိန် ကိုယ့်အသက်ကိုတောင် မနည်းလုပြီး ရှောင်နေရတယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ပင်လယ်ငါးဖမ်း သင်္ဘောကြီး တစ်စင်းနှင့် ၎င်းပိုင် ပုစွန်ဖမ်းပိုက်ကို တိုက်မိခဲ့စဉ်က အတွေ့အကြုံကို ဦးမြင့်လွင် ရှင်းပြသည်။

မြန်မာနိုင်ငံ ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်စိုးကမူ ရခိုင်ပြည်နယ်တွင် ကမ်းဝေး ငါးဖမ်းသင်္ဘောကြီးများသည် ကမ်းနီး ၄ ဖာလုံအထိ ဝင်ရောက် ဖမ်းဆီးသည် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ အသင်းအနေနှင့် လုပ်ငန်းရှင်များကို သတိပေးထားပြီး ဖြစ်သည်ဟု ဆိုသည်။

“ငါးမိုင်အတွင်း ဝင်ရင် ရေတပ်က ဖမ်းမှာပေါ့ဗျာ။ ရေတပ်နဲ့ အဆင်ပြေရင် ပြေသလို၊ မပြေရင် မပြေသလိုပေါ့လေ။ ကျွန်တော်တို့ အသင်းကတော့ သတိပေးထားတယ်။ ကိုယ်ဖြစ်ရင် ကိုယ်ခံဆိုပြီး။ ဒီကိစ္စက ဒဏ်ရိုက်ခံရရင် သက်သာတာ မဟုတ်ဘူး။ သိန်းလေးငါးဆယ်ကုန်မယ့် ကိစ္စ” ဟု ၎င်းကရှင်းပြသည်။

ရခိုင်ပြည်နယ် ဂွနှင့် သံတွဲရှိ ငါးဖမ်းလှေများမှာ ကမ်းနီးကမ်းဝေး မကွဲပြားဘဲ ကမ်းနီးသို့တိုင် လာရောက် ဖမ်းခြင်း ဖြစ်ကြောင်း၊ အမှန်မှာ အဆိုပါလှေများသည် ကမ်းဝေးလှေများ ဖြစ်သည်ဟု ဦးမောင်မောင်စိုးက ဆိုသည်။

ကျိန္တလီမြို့နယ်ခွဲရှိ ရေလုပ်သားများနည်းတူ ရခိုင်ပြည်နယ်၊ ဖရုံကာကျွန်းရှိ၊ တစ်ပိုင်တစ်နိုင် ရေလုပ်သား ၁၀၀ ကျော် နေထိုင်သည့် ဖဒူအလယ်ရွာတွင်လည်း ကမ်းနီးသို့တိုင် ကမ်းဝေးသင်္ဘောကြီးများ ဝင်ရောက် ငါးဖမ်းဆီးမှုကြောင့် ၎င်းတို့ကို မှီခိုနေရသည့် မိသားစုများမှာ ဝမ်းရေးအတွက် အခက်တွေ့နေရသည်ဟု အဆိုပါ ကျေးရွာမှ ဒေသခံ ရေလုပ်သား ဦးသိန်းစိုးက ပြောကြားသည်။

The Voice Weekly

No comments:

Post a comment