Monday 17 February 2014

AFC Challenge Cup ရလဒ်က လစာလျော့ချခံထားရသော မြန်မာကစားသမားများကို လစာတိုးစေဦးမည်မဟုတ်

လက်ရွေးစင်အသင်း အောင်မြင်မှုရလျှင် လစာလျှော့ချထားသော မြန်မာကစားသမားများကို လစာပြန် တိုးပေးမည်ဟု အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသော်လည်း မေလအတွင်းကစားရမည့် AFC Challenge Cup ပြိုင်ပွဲ ရလဒ်အပေါ်မူတည်၍လစာအပြောင်းအလဲ ရှိဦးမည်မဟုတ်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။


“AFC Challenge Cupမှာ မြန်မာအသင်းဗိုလ်စွဲရင် မြန်မာကစားသမားတွေ ဆုကြေးတွေရမယ်။ လစာတိုး ဖို့ကတော့သူတို့ချုပ်ထားတဲ့ စာချုပ်တွေအရလည်း ဒီနှစ်ကုန်မှစဉ်းစားမှာပါ။ ဆူဇူကီးဖလား ပြိုင်ပွဲမှာလည်း အောင်မြင်မှုရဖို့ လိုပါတယ်။ ကျွန်တော်တို့က လာမယ့် ၂၀၁၆ ခုနှစ်မှာ ဆူဇူကီးဖလားပြိုင်ပွဲကို အိမ်ရှင် လုပ်မှာဆိုတော့ ၂၀၁၄ ပြိုင်ပွဲမှာ အောင်မြင်ချင်ပါတယ်” ဟု ဦးဇော်ဇော်က ဆိုသည်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း AFC Challenge Cup နှင့် AFC Suzuki Cup ပြိုင်ပွဲများတွင် အောင် မြင်မှုရရန်အတွက် ဆာဘီးယားလူမျိုးနည်းပြ အေဗရာမိုဗစ်နှင့်အဖွဲ့ကို နည်းပြခန့်အပ်ထားပြီး လာမည့်ဧပြီ လအတွင်း စတင်လေ့ကျင့်မှုများပြုလုပ်ရန် ပြင်ဆင်ထားသည်။

“မြန်မာအသင်းအတွက် ဒီနှစ်ထဲမှာ အရေးကြီးတဲ့ ပြိုင်ပွဲနှစ်ခုရှိပါတယ်။ AFC Challenge Cup ပြိုင်ပွဲက အာရှဖလားပြိုင်ပွဲဝင်ဖို့ အရေးကြီးတဲ့ ပြိုင်ပွဲတစ်ခုပါ။ ပါဝင်မယ့် အသင်းတွေကလည်း အာရှအဆင့်နိမ့် အသင်းတွေ ဖြစ်တာကြောင့် ကျွန်တော်တို့အတွက် အောင်မြင်ဖို့ မခက်ခဲလောက်ဘူး။ ဒီပွဲမှာ ဗိုလ်စွဲခဲ့မယ် ဆိုရင် ဆူဇူကီးဖလားပြိုင်ပွဲအတွက်လည်း အထောက်အကူ ဖြစ်စေမှာပါ” ဟု မြန်မာနည်းပြ အေဗရာမို ဗစ်က သုံးသပ်ခဲ့သည်။ ၂၀၁၄ AFC Challenge Cup ပြိုင်ပွဲတွင် အာရှနိုင်ငံပေါင်း ရှစ်နိုင်ငံပါဝင်မည်ဖြစ်ပြီး မေလ ၁၉ ရက်မှ ၃၀ ရက်အထိ မော်လဒိုက်နိုင်ငံတွင် ကျင်းပမည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment