Wednesday 4 December 2013

နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့၏ ၂၀၁၃ ခုနှစ် အကျင့်ပျက် ခြစားမှု အခြေပြ ဇယားတွင် မြန်မာနိုင်ငံ၏ အကျင့်ပျက် ခြစားမှု အခြေအနေ အဆင့် ၁၇၂ မှ ၁၅၇ သို့ ၁၅ ဆင့်မြင့်လာ

ကမ္ဘာ့နိုင်ငံများ၏ အကျင့်ပျက် ခြစားမှု အခြေပြ ဇယားကို နှစ်စဉ်ထုတ်ပြန် ပေးလျက်ရှိသော ပွင့်လင်းမြင် သာ မှု အဖွဲ့အစည်း (Transparency International) က ၂၀၁၃ ခုနှစ်အတွက် အကျင့်ပျက် ခြစားမှု အခြေပြ ဇယားကို ထုတ်ပြန်ရာ၌ မြန်မာနိုင်ငံသည် အဆင့် ၁၅၇ ရရှိခဲ့ပြီး ယမန်နှစ်ကထက် အခြေအနေ တိုးတက်လာခဲ့သည်။
၂၀၁၃ ခုနှစ်အတွက် အကျင့်ပျက် ခြစားမှု အခြေပြ ဇယားတွင် နိုင်ငံပေါင်း ၁၇၇ နိုင်ငံကို လေ့လာ ဆန်းစစ်ပြီး ထုတ်ပြန်ထားခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံပေါင်း ၁၇၇ နိုင်ငံ၌ ယခုနှစ်တွင် မြန်မာနိုင်ငံသည် အဆင့် ၁၅၇ ရရှိခဲ့ခြင်းဖြစ်ပြီး အမှတ်ပေါင်းမှာ ၂၁ မှတ် ဖြစ်သည်။ ၂၀၁၃ ခုနှစ်၏ ခြစားမှု အနိမ့်ဆုံး ငါးနိုင်ငံအဖြစ် ဒိန်းမတ်၊ နယူးဇီလန်၊ ဖင်လန်၊ ဆွီဒင်နှင့် နော်ဝေနိုင်ငံတို့က အသီးသီး ရပ်တည်လျက်ရှိပြီး ဗြိတိန်နိုင်ငံက အဆင့် ၁၄၊ အမေရိကန်နိုင်ငံက အဆင့် ၁၉၊ တရုတ်နိုင်ငံက အဆင့် ၈၀ နှင့် ရုရှားနိုင်ငံက အဆင့် ၁၂၇ တို့ဖြင့် ရပ်တည်လျက် ရှိသည်။

၂၀၁၂ ခုနှစ်အတွက် အကျင့်ပျက် ခြစားမှု အခြေပြ ဇယားတွင်လည်း နိုင်ငံပေါင်း ၁၇၇ နိုင်ငံ ကိုပင် လေ့လာထုတ်ပြန် ထားခြင်းဖြစ်ပြီး ထိုအချိန်က မြန်မာနိုင်ငံသည် အမှတ်ပေါင်း ၁၅ မှတ်ဖြင့် အဆင့် ၁၇၂ နိုင်ငံတွင် တည်ရှိခဲ့ကာ ခြစားမှု အမြင့်ဆုံးနိုင်ငံ ငါးနိုင်ငံ စာရင်းတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ယခု ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အကျင့်ပျက် ခြစားမှု အနေအထားတွင် တိုးတက်မှုများ ရှိလာပြီး အမှတ် ၂၁ မှတ်ဖြင့် အဆင့် ၁၅၇ နေရာသို့ ရောက်ရှိခဲ့ခြင်းကြောင့် ၁၅ ဆင့် ခုန်တက်ခဲ့ခြင်း ဖြစ်သည်။

အကျင့်ပျက် ခြစားမှု အဆိုးရွားဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်နေသည့် မြန်မာနိုင်ငံတွင် လွတ်လပ်သည့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့သင့်သည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီက လွှတ်တော်ကို တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာက အကျင့်ပျက် ခြစားမှုများ တိုက်ဖျက်ရာတွင် ပိုမိုအောင်မြင်စေရန် လွတ်လပ်သည့်အဖွဲ့ ဖွဲ့သင့်ကြောင်း၊ ၎င်းအဖွဲ့ အနေဖြင့် အစိုးရက ဖွဲ့စည်းထားသည့် လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင် ရွက်ရေး ကော်မတီများနှင့် ချိတ်ဆက်လုပ်ဆောင် သင့်သည်ဟု အကြံပြုထားသည်။

မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသည့် လာဘ်ပေးလာဘ်ယူမှုသည် အပြန်အလှန် ထိန်းကျောင်းမှု မရှိခဲ့ခြင်း၊ ဒီမိုကရေစီဆိုင်ရာ ၀န်းကျင်ကောင်းများ မရှိခဲ့သည့် အတွက်ကြောင့် ဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက မြန်မာနိုင်ငံမှာ အဂတိ လိုက်စားမှု လူ့အသိုင်းအ၀ိုင်းအတွင်း ယဉ်ကျေးမှု တစ်ခုသဖွယ် ဖြစ်လာခြင်းသည် နိုင်ငံအတွက် ၀မ်းနည်းစရာ၊ ရင်လေးစရာ ဖြစ်သည်ဟု ထုတ်ဖော်ပြောကြား ထားသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ အကျင့်ပျက် ခြစားမှု အခြေပြ ဇယားတွင် နိုင်ငံစုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ ခန့်အထိမှာ အစိုးရ အရာရှိများ အကျင့်ပျက် ခြစားမှု ပြဿနာများနှင့် ရင်ဆိုင်ရလျက်ရှိပြီး ယခုနှစ်တွင် အမှတ်ပြည့် ရရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံမှ မရှိကြောင်း ဂျာမနီနိုင်ငံ ဘာလင်မြို့ အခြေစိုက် ပွင့်လင်းမြင်သာမှု အဖွဲ့အစည်းက ပြောဆိုခဲ့သည်။ ၎င်းအဖွဲ့အစည်းက နှစ်စဉ်ထုတ်ပြန်သည့် အကျင့်ပျက် ခြစားမှု အခြေပြ ဇယားကို နိုင်ငံတကာမှ အဖွဲ့အစည်းများက အကိုးအကားအဖြစ် သုံးစွဲလေ့ရှိကြပြီး နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အောင်မြင်မှု ရှိမရှိဆိုသည့် အချက်ကို တိုင်းတာရန် တွင်လည်း အသုံးပြုလေ့ ရှိကြသည်။

Eleven Media Group

No comments:

Post a Comment