Wednesday 4 December 2013

သူရဦးရွှေမန်း ခေါင်းဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိ

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ခေါင်းဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဂျပန်နိုင်ငံ ခရီးစဉ်မှ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ သို့ ပြန် လည်ရောက်ရှိ လာကြောင်း သိရသည်။
အဆိုပါ ခရီးစဉ် အတွင်း၌ သူရဦးရွှေမန်းသည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့် နိုဝင်ဘာ ၂၉ ရက်က ဂျပန်အစိုးရ အိမ်တော်၌ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးနှင့် ဈေးကွက်စီးပွားရေးစနစ် ဆောင်ရွက်နေမှု အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်မီး ရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေး ဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း အစိုးရပိုင် သတင်းမီဒီယာ များတွင် ဖော်ပြချက်အရ သိရသည်။

ထို့ပြင် သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဂျပန်နိုင်ငံ အထက် လွှတ်တော် ဥက္ကဋ္ဌ Hon. Mr. Yamazaki နှင့် တွေ့ဆုံခြင်း၊ ဂျပန်နိုင်ငံ ဖူကူရှီးမား ခရိုင်အတွင်း ၂၀၁၁ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သည့် မြေငလျင်ဒဏ် ခံရမှု၊ ဆူနာမီဒဏ် ခံရမှုနှင့် နျူကလီးယား မတော်တဆ မှုများကြောင့် ဒုက္ခရောက်ခဲ့ ကြသူများ နေထိုင်ရာ စခန်းများသို့ သွားရောက်ခြင်း၊ ဂျပန်ကုမ္ပဏီ များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စား လှယ် အဖွဲ့သည် ဂျပန်လွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၇ ရက်က ဂျပန်နိုင်ငံ သို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment