Thursday 19 December 2013

သန်းခေါင်စာရင်း ကောက်ယူမှုတွင် တိုင်းရင်းသား ၁၃၅ မျိုးပြည့်မီရေး တိုင်းရင်းသားပါတီများနှင့် လဝက ဆွေးနွေးမည်

၂၀၁၄ ခုနှစ် မတ်လတွင် ကောက်ယူမည့် သန်းခေါင်စာရင်း ကောက်ယူမှုတွင် မြန်မာနိုင်ငံတွင်း နေထိုင်သော တိုင်းရင်းသား မျိုးနွယ် ၁၃၅ မျိုး ပြည့်မီအောင် ကောက်ယူနိုင်ရေးအတွက် တိုင်းရင်းသား နိုင်ငံရေး ပါတီများက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် တွေ့ဆုံ ဆွေးနွေး သွားမည် ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) က ထုတ်ပြန် ကြေညာလိုက်သည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား ၁၃၅ မျိုးစလုံး ပါဝင်နိုင်ရန်အတွက် ဆွေးနွေးမည့်အပြင် တိုင်းရင်းသားဒေသ များတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပါက ကြုံတွေ့ရမည့် ဒေသသုံး ဘာသာစကား အခက်အခဲများ၊ နယ်မြေ ကျွမ်းကျင်မှုစသည့် ကိစ္စရပ် များနှင့် ပတ်သက်၍ ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ၂၀၁၄ခုနှစ် ဇန်နဝါရီလ အတွင်းတွင် တင်ပြသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် UNA နှင့် NBF အဖွဲ့များက ထုတ်ပြန်ထားသည်။

အဆိုပါ သန်းခေါင်စာရင်း ကောက်ယူရေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ အိမ်ထောင်စု မေးခွန်းပုံစံ ၄၁ ချက်မှာ ရိုးရှင်းလွယ်ကူမှု မရှိဘဲ ရှုပ်ထွေးနေကြောင်း တွေ့ရသဖြင့် အခက်အခဲများစွာ ဖြစ်လာနိုင်ကြောင်း UNA နာယက ဦးအေးသာအောင်က ပြောကြားသည်။
“တချို့တိုင်းရင်းသားတွေက ဗမာစကားကို ကောင်းကောင်း မပြောတတ်ဘူး။ အဲဒီတော့ တိုင်းရင်းသားတွေအတွက် ရိုးရှင်းတဲ့ မေးခွန်းတွေ ဖြစ်ဖို့လိုပါတယ်” ဟု ၎င်းကဆိုသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA နှင့် ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့ဝင်ပါတီများ အပါအဝင် နိုင်ငံရေးပါတီ ၂၂ ပါတီ တို့သည် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု အကြောင်းအရာ သန်းခေါင်စာရင်း ဆိုင်ရာ (CENSUS) ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ အပြီး၌ သန်းခေါင်စာရင်းတွင် တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုး ပြည့်မီအောင် ကောက်ယူရေးအတွက် ပြည်ထောင် စု ဝန်ကြီး ဦးခင်ရီနှင့် ဆွေးနွေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုဝင်ဘာလ အတွင်းတွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုး စာရင်းအပြောင်းအလဲ ဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ထိ ကောက်ခံသွား မည် ဖြစ်ပြီး တိုင်းရင်းသား ဒေသများတွင် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment