Thursday 19 December 2013

မြန်မာတပ်မတော်သားများ စိတ်ထားပြောင်းရန် ဗြိတိန် သင်တန်းပေးမည်

မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူများကို ဗြိတိန်တပ်မတော်မှ သင်တန်းပေးရန်ရှိပြီး တိုက်နည်း ခိုက်နည်းကို သင်ကြားပေး မည် မဟုတ်ဘဲ ထိုသူတို့၏ စိတ်နေစိတ်ထား ပြောင်းလဲရေးအတွက် ဦးတည် သင်ကြားပေးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အန်ဒရူးပက်ထရစ်က ပြောသည်။
“ကျွန်တော်တို့အနေနဲ့ တပ်မတော်သားတွေကို သင်တန်းပေးတယ်ဆိုတာ ဘယ်လိုတိုက်ရမယ်၊ ခိုက်ရ မယ်ဆိုတာမျိုး သင်ပေးတာ မဟုတ်ပါဘူး။ စာသင်ခန်းထဲမှာလိုမျိုး သူတို့နဲ့ဆွေးနွေးပြီး သူတို့တွေရဲ့စိတ် နေစိတ်ထား ပြောင်းပေးဖို့ပဲ ရည်ရွယ်တာပါ”ဟု ဗြိတိန်သံအမတ်က ပြောသည်။

ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မတော်သားများကို ဇန်န၀ါရီလ ၇ မှ စတင်ကာ ၁၀ ရက်ကြာ သင်တန်းပို့ချမှုကို နေပြည်တော် တွင် ပြုလုပ်သွားမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန် ဗြိတိန်နိုင်ငံသို့ ဇူလိုင်လအတွင်း သွားရောက်စဉ်ကလည်း မြန်မာ့တပ်တော်မှ အရာရှိ ၃၀ ကို ဗြိတိန်နိုင်ငံသို့ ခေါ် ယူလေ့ကျင့်ရန် ကမ်းလှမ်းခဲ့သည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်သ် ၏ဗြိတိန်ပါလီမံသို့တင်ပြသည့် အစီရင်ခံစာ တွင် ဖော်ပြထား သည်။ ဗြိတိန်ကကမ်းလှမ်းထားသည့် အဆို ပါသင်တန်းသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ စီမံခန့်ခွဲမှု အတတ်ပညာနှင့်၊ အုပ်ချုပ်ရေးနှင့်သက် ဆိုင်သည့် သင်တန်းများဖြစ်သည်။

ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆာဒေးဗစ်ရစ်ချက် ၂၀၁၃ ခုနှစ်၊ ဇွန်လအတွင်း မြန်မာပြည် လာရောက် ခဲ့စဉ် က မြန်မာ အစိုးရနှင့် စစ်တပ်ခေါင်းဆောင်များက ဗြိတိန်နိုင်ငံမှ လုံခြုံရေး ပြုပြင် ပြောင်းလဲမှုနှင့်ဆိုင်သောလုပ်ငန်းများ၊ ရဲဝန်ထမ်းများအတွက် သင်တန်းပေးရန်ကို စိတ်အားထက်သန် စွာ လက်ခံကြသည်ဟု ဗြိတိန်အခြေစိုက် Financial Times သတင်းစာကို ပြောကြားခဲ့သည်။

ဗြိတိန်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့တပ်မတော်မှ မျိုးဆက်သစ်များသည် ကူညီအားပေးမှုနှင့်ထောက် ပံ့ပေးမှုတို့နှင့် ထိုက်တန်သည် ဟုလည်း ဆိုခဲ့သည်။

အနောက်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့ စစ်ရေးပူးပေါင်းလုပ်ဆောင်မှုများအတွက် အမေရိကန်ကွန်ဂရက် က ဒီဇင်ဘာလ ပထမပတ် အတွင်း ကန့်ကွက်ခဲ့ပြီး မြန်မာအစိုးရသည် မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ရေး ဆက်ဆံမှုများရှိခြင်း၊ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုမရှိခြင်းတို့အပေါ် ထောက်ပြပြောဆိုခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကလည်းဖြစ်သူ ဦးတင် ဦးကလည်း အနောက်နိုင်ငံများမှ စစ်ရေးထောက်ပံ့မှုများအစား လူသားချင်းစာနာထောက်ထားသည့် အ ကူအညီများကိုသာ ပေးသင့်သည်ဟု မဇ္ဈိမနှင့် တွေ့ဆုံမေးမြန်းမှု တစ်ခုတွင် ပြောဆိုထားသည်။

Mizzima - News in Burmese

1 comment:

  1. အော် တို့တပ်မတော် အရာရှိကြီးတွေကို သူတို့က သင်တန်းပေးမတဲ့လား။

    ReplyDelete