Wednesday 11 December 2013

တရုတ်အလံ မီးရှို့မှုအတွက် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အား ပုဒ်မ-၅၀၅ (ခ)ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒေါ်နော်အုန်းလှအား ၂၀၀၇ ခုနှစ်က အမှုဖြင့်ပါ ရုံးတင်

A-11-12
ဒီဇင်ဘာ ၁၀ ရက်နေ့က ရုံးထုတ်လာစဉ် မြင်တွေ့ရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှု နှစ်ပတ်လည်နေ့တွင် တရုတ်သံရုံး အနီး၌ တရုတ်အလံအား မီးရှို့မှုအတွက် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အား ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းက ဒဂုံမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့သို့ ထပ်မံရုံးချိန်း လိုက်ကြောင်း သိရသည်။တရုတ်အလံ မီးရှို့မှုအတွက် အမှုဖွင့်ထားသည့်သူ လေးဦးအနက် နှစ်ဦးသာ ဖမ်းမိပြီး ကျန်နှစ်ဦးဖြစ်သည့် ကိုအောင်စိုးနှင့် ကိုစည်သူတို့အား ၀ရမ်းထုတ်ထားကြောင်း ရုံးထုတ်စစ်ဆေးစဉ် တရားသူကြီးက ဆိုသည်။

ထို့ပြင် ဒေါ်နော်အုန်းလှအား ၂၀၀၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားတွင် ၀တ်ပြုဆုတောင်း ခဲ့သည့်အတွက် အမှုဖွင့်ထားရာမှ ထွက်ပြေးသည့် အတွက်ဟု ဆိုကာ ပုဒ်မ-၂၉၆ ဖြင့် အမှုတွဲ ထပ်မံတင်ခဲ့ကြောင်း သိရသည်။

ဒေါ်နော်အုန်းလှက "၂၀၀၇ တုန်းက အမှုကို အခုမှတင်လို့ အံ့သြသွားတယ်။ အဲ့ဒီတုန်းက ဒီအမှု ဖွင့်ထားတယ်ဆိုတာ ကျွန်မဆီကို အကြောင်းကြား မလာပါဘူး။ ကျွန်မ ဘယ်ကိုမှလည်း ထွက်မပြေးပါဘူး။ သူတို့ဘာသာ လာမဖမ်းတာပါ" ဟု ပြောကြားသည်။

တရုတ်နိုင်ငံ အလံကို မီးရှို့ ဆန္ဒပြသူများဖြစ်သည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်၊ ကိုအောင်စိုးနှင့် ကိုစည်သူတို့အား နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် ပြစ်မှုပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆို ခံထားရခြင်း ဖြစ်သည်။

အဆိုပါမှုကို လိုက်ပါဆောင်ရွက် ပေးနေသူ ဦးရောဘတ်စန်းအောင်က "ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံခြား အလံတစ်ခုကို ဖျက်ဆီးရင် ပြစ်မှုဖြစ်တယ် ဆိုတယ်ဆိုတဲ့ ဥပဒေကို ရှာတာမတွေ့ သေးဘူးဗျ။ ဒီအမှုကို စစ်တော့မှပဲ လေ့လာရတော့မှာပါ" ဟု ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment