Thursday 21 November 2013

မြန်မာအမျိုးသမီးများကို အဓိကထားပြီး မြန်မာ-တရုတ်နယ်စပ်တွင် ဖြန့်ဝေနေသော အိမ်ထောင်ရေးမိတ်ဆက် လက်ကမ်းစာစောင်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်အစိုးရ အဖွဲ့ထံ အကြောင်းကြားစာ ပေးပို့

U.21.11
ရွှေလီဘက်တွင် ဖြန့်ဝေနေသော အိမ်ထောင်ရေး မိတ်ဆက် လက်ကမ်းစာစောင်အား တွေ့ရစဉ်

မြန်မာ-တရုတ်နယ်စပ်တွင် ဖြန့်ဝေနေသော မိတ်ဆက် လက်ကမ်းစာစောင်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တရုတ်အစိုးရထံသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။


ယင်းမြန်မာအမျိုးသမီးများကို အဓိကထား လုပ်ဆောင်နေသည့် မိတ်ဆက် လက်ကမ်းစာစောင်များမှာ ယခုလပိုင်းအတွင်းမှထွက်ပေါ်လာခြင်းဖြစ်ပြီးတရုတ်နယ်စပ်တွင်ကျယ်ကျယ်ပြန်ပြန့် ဖြစ်ပေါ်နေကြောင်းလည်း မူဆယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

"အဓိကကတော့ မြန်မာဘက်ခြမ်းကိုတော့ အဲဒီလက်ကမ်း ကြေညာစာစောင်တွေ မ၀င်လာရဲဘူး။ ဒါပေမဲ့ ရွှေလီဘက်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်။ သူတို့တွေက အဓိကဖြန့်နေ တာ ဈေးတွေထဲမှာလို့တော့ သိရတယ်။ အဲဒီအတွက်လည်း တရုတ်အစိုးရကို အကြောင်းကြားစာ ပို့ထားပြီးပြီ။ အဲဒါကိုလည်း သူတို့ရဲတပ်ဖွဲ့ကလည်း ကျွန်တော်တို့နဲ့ ပူပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါပြီ" ဟု မူဆယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သို့သော် ယင်းအိမ်ထောင်ရေးမိတ်ဆက် လက်ကမ်းစာစောင်များကို ဖြန့်ဝေသူများအား ဖမ်းဆီးသတိပေးရန် လုပ်ဆောင်ရာ မှုအပိုင်းများတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

"အခု ဒီမြန်မာ မိန်းကလေးတစ်ယောက်ကို ဘယ်လောက်ပေးမယ်တို့။ ကြားပွဲစားကို ဘယ်လောက်ပေးမယ် တို့ ပါရှိတဲ့ လက်ကမ်းစာစောင်ထဲက ဖုန်းနံပါတ်ကိုဆက်ပြီး လိုက်နေတယ်။ ဒါပေမဲ့ ဖုန်းက ဘယ်လိုမှ ဆက်သွယ်မရဘူး။ အဲဒီအတွက် ဖြစ်စဉ်ဖြစ်နိုင်မယ့် နေရာတွေမှာ တရုတ်နယ်ထိန်းတွေက စောင့်ကြည့်နေ စုံစမ်းနေပါတယ်" ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောကြား သည်။

လတ်တလော ထွက်ပေါ်နေသော အဆိုပါ လက်ကမ်းစာစောင်များမှာ တရုတ်-မြန်မာနှစ် ဘာသာဖြင့် ဖော်ပြထားချက်အရ "အိမ်ထောင်ရေး မိတ်ဆက်ပေးခြင်း" တရုတ်ပြည်မကြီးတွင် အိမ်ထောင်ပြု လျှင်သာလွန်မှု-အဖေ၊ မိဘ၊ ညီအစ်ကိုမောင်နှမတို့ တရုတ်ပြည်မကြီး အတွင်းသို့ ဆွေမျိုးသားချင်း များ တွေ့ဆုံနိုင်ခြင်း၊ အလုပ်လုပ်နိုင်ခြင်း၊  တရုတ်ပြည်မကြီးတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်း၊ စက်ရုံများပြားသည်။ အမျိုးသမီ လစာငွေသည် ယွမ် ၂၅၀၀၊ ယောက်ျားလေး လစာငွေသည် ယွမ် ၄၅၀၀ရှိသည်။ အကယ်၍ သင့်တွင် ဆွေမျိုးပေါက်ဖော် မိတ်ဆွေသူငယ်ချင်းများ တရုတ်ပြည်တွင် အိမ်ထောင်ပြုချင်လျှင် ကျွန်တော်နှင့် ဆက်သွယ်ပါ။ အောင်မြင်လျှင် ကျေးဇူးတင်ငွေ ယွမ် ၃၀၀၀ ပေးမည်။တရုတ်ပြည်တရားဝင် မှတ်ပုံတင်၍ အိမ်ထောင်ပြု လက်မှတ်ရယူနိုင်သည်ဟု ပါရှိသည်။

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ မိသားစုအတွင်း အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ပဋိပက္ခများနှင့် စစ်ဖြစ်ပွားမှု အခြေအနေရှိခြင်း၊ သဘာဝဘေးကပ် ကျရောက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံခံရခြင်းတို့မှာ လူကုန်းကူးခံရမှု ဖြစ်ပွားနေရခြင်း၏ အဓိကအကြောင်း အရာဖြစ်ပြီး လူကုန်းကူမှု အမှုအရေအတွက်အရ နှစ်စဉ် ၅၀ ကျော်မှ ၂၀၀ နီးပါး အထိ ရှိနေကြောင်း၊ လူကုန်ကူး ခံရသူများမှာလည်း အမျိုးသမီးများနှင့် ကလေးငယ်များမှာ အများဆုံး ဖြစ်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment