Tuesday 26 November 2013

ပုဒ်မ (၁၈) သည် အခြေခံဥပဒေအား လုံးဝဆန့်ကျင် နေကြောင်းနှင့် ပြစ်ဒဏ်နည်းသောသူများ ထောင်ပြင်ပသို့ ထွက်လျှင် ခြေချင်းခတ်ခြင်းမှာ လူ့ဂုဏ်သိက္ခာကို ချနင်းခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ရှိနေ

8.1.1
လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံးဖြိုခွင်းမှုအပေါ် ဆန္ဒပြမှုကြောင့် ထောင်ဒဏ်ကျခံခဲ့ရ သူများဖြစ်သည့် ကိုမြင့်ကျော်ဦး၊ ကိုဒီငြိမ်းလင်း၊ ကိုမိုးသွေးတို့အား
နိုဝင်ဘာ ၂၅ ရက်က စမ်းချောင်းတရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ငြိမ်းစုစီ ဥပဒေဟု လူသိများသည့် ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ (ခ) သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်သည့် ပုဒ်မ ၃၅၄ နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသောကြောင့် ထိုဥပဒေအား ပြန်လည်သုံးသပ်ရန် လိုအပ်နေကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများနှင့် ရှေ့နေများက တညီတညွတ်တည်း ဝေဖန်ပြောကြားလိုက်ပြီး ပြစ်ဒဏ်ချမှတ် ခံထားရသူ တစ်ဦးကို နောက်တစ်မှုကြောင့် ဖြစ်စေ၊ ထောင်ပြောင်းခြင်းကြောင့်ဖြစ်စေ၊ ကျန်းမာရေးအရ ဆေးရုံသို့ တက်ရောက်ကုသခံ နေချိန်တွင်ဖြစ်စေ ခြေချင်းခတ်ခြင်းမှာ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၄၄ (လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ်ပြဋ္ဌာန်းခွင့် မရှိစေရ) အား ဖောက်ဖျက်နေခြင်း ဖြစ်သည့်အပြင် လူ့အခွင့်အရေးကိုလည်း ချိုးဖောက်နေမှု ဖြစ်ကြောင်း တစ်ဆက်တည်း ဝေဖန်လိုက်သည်။

၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်း အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများအား မဖောက်ဖျက်လျှင် ဖော်ထုတ်ပြောဆို ရေးသားဖြန့်ချိခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ရှိသည်ဟု ဖော်ပြထားသော်လည်း နည်းဥပဒေအရ ဆန္ဒထုတ်ဖော်လိုသူများ အနေနှင့် ၂၁ ရက် ကြိုတင်စာတင် ရမည်ဖြစ်ပြီး တင်ပြထားသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုချက် မပေးသည့် ဖြစ်စဉ် အများအပြား ရှိသည်ဟု ဆန္ဒပြခဲ့သူများက ပြောကြားကြသည်။ ခွင့်ပြုချက် မရရှိဘဲ ဆန္ဒပြပါက ပုဒ်မ ၁၈ အရ အမြင့်ဆုံး ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ငွေဒဏ် သုံးသောင်း သို့မဟုတ် ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်သည် ဟုလည်း သိရသည်။


သူရဦးအောင်ကိုက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းအား ပြင်ဆင်ရန်အတွက် လွှတ်တော်တွင် လက်ခံဆွေးနွေးရန် အတည်ပြုခဲ့ပြီး ဖြစ်သော်လည်း နိုဝင်ဘာ ၂၁ ရက်က ဒီငြိမ်းလင်း အပါအ၀င် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ခြောက်ဦးအား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ချမှတ် လိုက်သည့်အပေါ် AAPP ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်က ဥပဒေအရ နောက်ကြောင်းပြန် သွားခြင်းဖြစ်ပြီး မည်သည့် နိုင်ငံတွင်မဆို ဆန္ဒပြရန်အတွက် ပြသမည့်နေ့တွင် အကြောင်းကြားရန်သာ လိုအပ်ပြီး ခွင့်ပြုမိန့် တောင်းခံရမည်ဟု သတ်မှတ်ခြင်းကို လက်မခံနိုင်ကြောင်း ပြောကြားသည်။ ထို့အပြင် လူအများ စုဝေးဆန္ဒပြရန် နေရာတစ်ခု သတ်မှတ်ရန် လိုအပ်သည်ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ထို့နောက် နိုင်ငံရေး အကျဉ်းသားများ အဖွဲ့မှ ရှေ့နေတစ်ဦးဖြစ်သူ ဦးမြင့်အောင်က ''ပုဒ်မ ၁၈ ကို ကျွန်တော်တို့ လက်မခံပါဘူးလို့ ဗြောင်ကိုပြောထားပါတယ်။ ပုဒ်မ ၁၈ က ဘာနဲ့တူလဲ ဆိုလို့ရှိရင် နိုင်ငံတစ်ခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာက အမြင့်ဆုံးပါ။ သူတို့တွေ ရေးခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေမှာကို လွတ်လပ်စွာ စုရုံးခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့ခွင့် စတာတွေ ပါပြီးသားပါ။ ပုဒ်မ ၁၈ ကြောင့် သူတို့ ဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေ ပြန်ပြီးတော့ အချုပ်ကျသွားတာပါ။ ဒါကြောင့် ကျွန်တော်တို့ လုံးဝလက်မခံဘူး'' ဟု ပြောကြားသည်။

8.1.1
လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံး ဖြိုခွင်းမှုအပေါ် ဆန္ဒပြခဲ့သူများကို စမ်းချောင်းတရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

ထို့ပြင် အခြေခံဥပဒေဆိုင်ရာ ဆောင်းပါးများ ရေးသားနေသူ ဆရာထင်လင်းဦးကလည်း ''ပုဒ်မ ၁၈၊ ၅၀၅(ခ)စတဲ့ ငြိမ်းစုစီ လို့ခေါ်တဲ့ နည်းဥပဒေဟာ ၂၀၀၈ အခြေခံ ဥပဒေကို ဆန့်ကျင်နေပါတယ်။ လွတ်လပ်စွာ ရေးသားခွင့်၊ ဟောပြောခွင့်၊ စုစည်းခွင့် စတာတွေမှာ အကန့်အသတ် မရှိရဘူး။ ဥပမာ ကျွန်တော်စာရေးတယ်။ ပုဂ္ဂိုလ်ရေး စော်ကားတာတွေပါရင် ကျွန်တော့်ကို တရားစွဲလို့ရတယ်။ ဒါပေမဲ့ ဒီလိုမရေးရဘူး၊ ဒီလိုမပြောရဘူးလို့ ကြိုတင်ကန့်သတ်တာမျိုးကို မလုပ်သင့်ပါဘူး'' ဟု ၎င်း၏အမြင် ကို ပြောကြားသည်။

NLD ပါတီ၏ ဥပဒေ အထောက်အကူပြု အဖွဲ့မှ ဦးထွန်းထွန်းဟိန်ကလည်း အခြေခံဥပဒေ၌ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် ပြုသော်လည်း ဥပဒေအရ အာဏာပိုင်ထံ ပြန်လည်ခွင့်တောင်း နေရခြင်းဖြစ်ပြီး နိုင်ငံ တစ်နိုင်ငံ၏ အချုပ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်လျှင် ထိုဥပဒေသည် ပျက်ပြယ် သွားရမည် ဖြစ်သော်လည်း မပျက်ပြယ် သေးသည်ကို ပြန်လည်ဆန်းစစ်ရန် လိုနေသည်ဟု The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ထို့နောက် ဒီငြိမ်းလင်းတို့အား နောက်တစ်မှု ထုတ်ရာတွင် ခြေချင်းခတ်ထား သဖြင့် ပြည်သူ များအကြား ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ပြည်ထဲရေး ၀န်ကြီး ဦးဘိုနီက အကျဉ်းသားများအား ထောင်ပြင်ပထွက် လျှင် ခြေချင်းခတ်ရမည်ဟု အမိန့်ထုတ်ပြန်ရာမှ စတင်ခဲ့ပြီး ယခုနောက်ပိုင်းတွင် အကျဉ်းသားအားလုံး အပြင်ထွက်လျှင် ခြေချင်းခတ်ခဲ့ခြင်းဖြစ်ကာ ထိုသို့ခြေချင်း ခတ်ခြင်းမှာ လူ့ဂုဏ်သိက္ခာ ကျဆင်းစေရန် တမင်ပြုလုပ်ခဲ့ခြင်း ဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၄ နှင့် ဆန့်ကျင်သည်ဟုလည်း နိုင်ငံရေး အကျဉ်းသား ဟောင်း များနှင့် ရှေ့နေများက ပြောကြားသည်။

ဆေးကုသမှု ခံယူရာတွင် ခြေချင်းခတ် ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးသန်းတင်ကလည်း ''ကျွန်တော် အစာအိမ်ပေါက်လို့ ဆေးရုံပေါ်ကိုရောက်တော့ ဆေးရုံပေါ်မှာ ကျွန်တော့်ကို ခြေချင်းခတ်ထား တယ်။ အပေါ့အပါးလည်း သွားလို့မရဘူး။ ဘေးလည်း စောင်းလို့မရဘူး။ ကျွန်တော့်ကို စောင့်တဲ့ ရဲကလည်း အခန်းထဲ ၀င်မလာဘူး။ အခန်းအပြင်မှာပဲ နေတယ်။ တစ်ခုခု လုပ်ချင်ရင် အဲဒီအစောင့်ရဲကို ခေါ်ရတယ်။ သိတဲ့အတိုင်းပဲ သူတို့ကလည်း ပိုက်ဆံမပေးရင် ဘာမှလုပ်ချင်တာ မဟုတ်ဘူး။ ခြေချင်းနဲ့ ဆိုတော့ ဘေးလည်း စောင်းလို့မရဘူး။ ပက်လက်ကြီး နေရတယ်။ ဘေးစောင်းချင်ရင် သူ့ကိုခေါ်ပြီး လှည့်ခိုင်းရတယ်။ ပြီးရင် ပိုက်ဆံပေးလိုက်တယ်'' ဟု ၎င်း၏ အတွေ့အကြုံကို ပြောကြားသည်။


ကျွန်တော် အစာအိမ်ပေါက်လို့ ဆေးရုံပေါ်ကိုရောက်တော့ ဆေးရုံပေါ်မှာ ကျွန်တော့်ကို ခြေချင်းခတ်ထားတယ်။ အပေါ့အပါးလည်း သွားလို့မရဘူး။ ဘေးလည်း စောင်းလို့မရဘူး။ ကျွန်တော့်ကို စောင့်တဲ့ ရဲကလည်း အခန်းထဲ ၀င်မလာဘူး။ အခန်းအပြင်မှာပဲ နေတယ်။ တစ်ခုခု လုပ်ချင်ရင် အဲဒီအစောင့်ရဲကို ခေါ်ရတယ်။ သိတဲ့အတိုင်းပဲ သူတို့ကလည်း ပိုက်ဆံမပေးရင် ဘာမှလုပ်ချင်တာ မဟုတ်ဘူး။ ခြေချင်းနဲ့ ဆိုတော့ ဘေးလည်း စောင်းလို့မရဘူး...
 
ဒီငြိမ်းလင်း၏ မိခင်ဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ''အန်တီ့အနေနဲ့ သားကို ခြေကျင်းနဲ့ တွေ့ရတော့ စိတ်မကောင်း ဘူး။ အခုလို လုပ်နေတာက လူ့အခွင့်အရေး ချိုးဖောက်နေတာပဲ။ ဒါမျိုးမလုပ်သင့်ပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေဆိုတာ ထွက်ပြေးပါ ဆိုရင်တောင်မှ မပြေးပါဘူး။ သူ့အဘိုး၊ သူ့အဖေ၊ သူ့ဦးလေး အားလုံး နိုင်ငံရေး အကျဉ်းသားတွေပဲလေ။ နှစ်တွေအများကြီး နေလာခဲ့ဖူးတဲ့ လူတွေပါ။ ဒါမျိုးမလုပ်သင့်ဘူး'' ဟု The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားသည်။

နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကိုတိုးကျော်လှိုင်ကလည်း အကျဉ်းထောင်တွေ ထဲမှာ ပြစ်ဒဏ်ကျခံပြီးနောက် အခြားအခြား အမှုများအတွက် တရားရင်ဆိုင်စဉ် အချိန်တွင် ပြစ်ဒဏ်ကျခံပြီး သား ဖြစ်သည်ဆိုသည့် အမှတ်အသားမျိုး ဖြစ်စေရန် ခြေချင်းခတ်ခြင်းမှာ လူ့ဂုဏ်သိက္ခာကို ရိုက်ချိုးလိုက်ခြင်းဖြစ်ပြီး တရားရုံးသို့ ခြေချင်းနှင့် ရုံးထုတ်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာ စာတမ်း ကို ဖောက်ဖျက်ရာ ရောက်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ''သံခြေချင်း ခတ်တာနဲ့ ပတ်သက်ပြီး ၂၀၀၈ လောက် ကတည်းက ဝေဖန်ထောက် ပြခဲ့ပါတယ်။ မလွှဲမရှောင်သာလို့ သံခြေချင်းခတ်မယ် ဆိုရင်တောင် အင်မတန် ပေါ့ပါးတဲ့၊ သွားရေးလာရေး လွယ်ကူတဲ့ သံခြေချင်းဖြစ်ဖို့ လိုပါတယ်။ အခုကတော့ ဒုတိယရုံးကို ထုတ်တဲ့အချိန် ကျွန်တော် ကြည့်လိုက်တော့ သံခြေချင်းက တော်တော် ကြီးတယ်။ သူတို့ဒုက္ခ ခံနေရတာကို တွေ့ရတယ်။ အခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၄၄ နဲ့ အခုရေးထားတဲ့ အကျဉ်းထောင် လက်စွဲမှာပါတဲ့ အကြောင်းအရာတွေ ညီမညီဆိုတာ ပြန်လည်ဆန်းစစ် သင့်ပါတယ်။ ဒါကတော့ ကျွန်တော့် ထင်မြင်ချက်ပါ။ ဒါတွေလုပ်မယ်ဆိုရင် အရင်ဆုံး အကျဉ်းထောင် ဥပဒေကို ပြန်ပြင်ဖို့လိုတယ်။ ဒါကြောင့်လည်း ကျွန်တော်က အကျဉ်းထောင် ဥပဒေကို ၂၁ ရာစုနဲ့အညီ ပြန်လည် ပြင်ဆင်သင့်တယ်။ အမှန်က အရမ်းကို ဆိုးသွမ်းတဲ့ လူတွေကို အကြောင်းကြောင်းကြောင့် အပြင်ထုတ်မှသာ သံခြေချင်းခတ်ဖို့ လိုပါတယ်။ နိုင်ငံရေး သမားတွေ၊ တစ်ကြိမ် တစ်ခါမှားလို့ ပြစ်ဒဏ်ခံရသူ တွေကိုတော့ သံခြေချင်းခတ်ဖို့ မလိုဘူးလို့ ကျွန်တော် ယူဆပါတယ်'' ဟု ပြောကြားသည်။

8.1.1
လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံး ဖြိုခွင်းမှုအပေါ် ဆန္ဒပြခဲ့သူများကို စမ်းချောင်းတရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

ထောင်ပြောင်းရာတွင် လည်းကောင်း၊ ဆေးရုံတက်ရာတွင် လည်းကောင်း၊ နောက်ထပ် အခြားအမှုများ ရင်ဆိုင်ရာတွင်လည်းကောင်း ထောင်ဒဏ်ချမှတ်ပြီး အကျဉ်းသားများကို ခြေချင်းဝတ်ဆင် စေပြီးမှသာ ထုတ်ခြင်း ဖြစ်သောကြောင့် အများပြည်သူ အမြင်တွင် ၎င်းအား အထင်အမြင် သေးသွားစေခြင်းနှင့် ခွဲခြားဆက်ဆံ ခံရခြင်းများ ဖြစ်ပွားပြီး ခံရသူအား စိတ်နာကျင် ထိခိုက်စေခြင်းများကို ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည်ဟု ဆိုသော ယခုအချိန်တွင် အဘယ်ကြောင့် ဆက်လက် အသုံးပြုနေ သနည်းဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ပြောကြား နေကြသည်။

ထို့ပြင် ဒီငြိမ်းလင်း အနေနှင့် လာမည့် ဒီဇင်ဘာ ၂ ရက်တွင် နောက်ဆက်တွဲ စာမေးပွဲ ဖြေဆိုရန်ရှိနေပြီး ယခုလို ပြစ်ဒဏ် ချမှတ်ခြင်းအပေါ် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က မေးခွန်းထုတ်လိုက်သည်။ စစ်အစိုးရ လက်ထက် နိုင်ငံရေး ပြစ်မှုဖြင့် ဖမ်းဆီးခံရသူများ၏ ဆက်လက် ပညာသင်ခွင့်ကို ငြင်းပယ်ခဲ့ပြီး ဦးသိန်းစိန် အစိုးရ လက်ထက်တွင် လွတ်မြောက်ခဲ့သည့် ဒီငြိမ်းလင်းတို့သည် အစပိုင်းက ပညာသင်ယူခွင့် ငြင်းပယ်ခံခဲ့ရပြီး ယခုမှသာ ပညာဆက်လက် သင်ယူခွင့် ပြုခဲ့ခြင်းဖြစ်သည်။ ယခုလို စာမေးပွဲ ဖြေဆိုခွင့် မရရှိသည့်အပေါ် မေးခွန်းထုတ်ခြင်း ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း ဦးတိုးကျော်လှိုင်က ပြောကြားလိုက်သည်။

ဒီငြိမ်းလင်း၏မိခင် ဒေါ်ဌေးဌေးဝင်းကမူ ၎င်းအနေနှင့် စာတင်ရန်ရှိပြီး ဒီငြိမ်းလင်း စာမေးပွဲ ဖြေဆိုခွင့်ရရှိရန် အစွမ်းကုန် ကြိုးစားသွားမည့်အကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်က နိုင်ငံရေး အကျဉ်းသား ၆၉ ဦးအား လွတ်ငြိမ်းခွင့် ပြုရာတွင် ပုဒ်မ ၁၈ အများအပြား ပါလာသော်လည်း ထိုပုဒ်မဖြင့်ပင် နောက်ထပ် ပြစ်ဒဏ်ချမှတ်မှုများ ရှိနေခြင်းကြောင့် သမ္မတ ပြောကြားခဲ့သည့် ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး မရှိစေရဆိုသည့် အချက်အပေါ် နိုင်ငံရေး အကျဉ်းသား ဟောင်းများက စောင့်ကြည့် နေကြောင်းနှင့် အကျဉ်းထောင်များအတွင်း နိုင်ငံရေးနှင့် ပတ်သက်သူ တစ်ဦးကျန်နေ သေးလျှင်လည်း နိုင်ငံရေး အကျဉ်းသား ရှိနေသေးကြောင်း ပြောဆိုနေမည် ဖြစ်သည်ဟု ဆိုကြသည်။

Eleven Media Group

No comments:

Post a Comment