Monday 25 November 2013

ကားပါမစ်နဲ့ လဲလှယ်တဲ့ ငြိမ်းချမ်းရေးလား၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးအတွက် ငွေကြေးသုံးစွဲမှု အလွဲသုံးစားလုပ်ခြင်း ဟုတ်၊ မဟုတ် ပွင့်လင်းမြင်သာမှု ရှိရန်လိုလာ

N-25-11
ထိုင်းမြန်မာနယ်စပ်မှ မြန်မာနိုင်ငံဘက်သို့ တင်သွင်းလာသော ၂၀၁၃ မော်ဒယ်လ် Rolls-Royce ကားအား တွေ့ရစဉ်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့အကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလက်မှတ် ရေးထိုးနိုင်ရန် ကြိုးပမ်းနေချိန်တွင် ငြိမ်းချမ်းရေး ကိစ္စကို အသုံးချပြီး "ငြိမ်းချမ်းရေး ကားပါမစ်" များလည်း ကားဈေးကွက်အတွင်း တွင်ကျယ်နေကြောင်း စုံစမ်းသိရသည်။

ရန်ကုန်မြို့ရှိ ကားပွဲစားတန်း အသီးသီးမှ ၀ါရင့် ကားဝယ်/ရောင်းသမားများ၏ ပြောကြားချက်အရ လက်ရှိကားဈေးကွက်၌ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ ရရှိသည့်ကား ပါမစ်များကို ပြန်လည်ရောင်းချမှုများ ရှိနေပြီး တစ်ဆင့်ပြန်လည် ၀ယ်သူများ အနေဖြင့် ပါမစ်တစ်ခုလျှင် ကျပ်သိန်းငါးရာနှင့် အထက် ပေါက်ဈေးရှိနေကြောင်း သိရသည်။

ထို့အပြင် ကားဈေးကွက်၌ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၏ ကားပါမစ် အရေအတွက်မှာ ရာဂဏန်း၊ ထောင်ဂဏန်း ၀န်းကျင်ရှိနေနိုင်ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ပါမစ်များမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား အစိုးရက ကားပါမစ်ပေးခြင်းနှင့် အခွန်လျှော့ အထူးအခွင့်အရေးပေးခြင်း သတင်းများမှာ ပြီးခဲ့သည့် မေလအတွင်းက စတင်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က ထွက်ပေါ်ခဲ့သော သတင်းများအရ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် (အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲရေး ရယူထားသော) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း (Myanmar Peace Center (MPC) ကို ဦးဆောင်နေသူ) က အခွန်ကင်းလွတ်ခွင့် ကားပါမစ်များ၊ အခွန်လျှော့ပေါ့ ကားပါမစ်များ ခွင့်ပြုပေးသည့် စာအိတ်များကို ပေးအပ်ခဲ့သည်ဟု တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်အချို့က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ၀န်ကြီးဦးအောင်မင်းက ပေးအပ်ခဲ့သော စာအိတ်ကို ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း လက်ခံရရှိခဲ့ပြီး KNU အနေဖြင့် ကားအစီးရေ ၁၂၀ ရရှိခဲ့ကာ ထိုအထဲမှ ကားအစီးရေ ၄၀ ကို အခွန်ကင်းလွတ်ခွင့်နှင့် ကျန်ရှိသော ကားအစီးရေ ၈၀ ကို ၄၀ ရာခိုင်နှုန်း အခွန်ကင်းလွတ်ခွင့်ဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း KNU အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက နိုဝင်ဘာ ၂၃ ရက်တွင် Eleven Media Group သို့ ပြောကြားခဲ့သည်။

"ရတာက ၁၂၀ ထဲပါ။ ၄၀ က အခွန်လွတ်၊ ၈၀ က ရာခိုင်နှုန်း ၆၀ အခွန်ဆောင်ရတယ်။ ကျွန်တော်တို့ လိုတာနဲ့ လောက်တောင်မလောက်ဘူး။ ထပ်လည်း မရပါဘူး။ ကျွန်တော်တို့က Vigo တွေပဲ သွင်းတယ်" ဟု ပဒိုကွယ်ထူးဝင်းက ဆိုပါသည်။

ကားဈေးကွက်အတွင်း "ငြိမ်းချမ်းရေး ကားပါမစ်" များ အများအပြား ရှိနေပြီး အဆိုပါ ကားပါမစ်များထဲတွင် Rolls-Royce နှင့် Bentley အစရှိသော မြို့ပေါ်သုံး ဇိမ်ခံကား အကောင်းစားများလည်း ပါဝင်နေသည့်အပြင် ထိုကားများကို ထိုင်းနိုင်ငံ နယ်စပ်မှတစ်ဆင့် တင်သွင်းနေကြောင်း . . . . .

ထို့အပြင် စက်တင်ဘာ ၁၂ ရက် နေ့စွဲဖြင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း လက်မှတ်ရေး ထိုးပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) သို့ပေးပို့ခဲ့ သည့် မော်တော်ယာဉ် မှတ်ပုံတင်ခွင့်ကိစ္စ ပေးစာတစ်စောင်မှာလည်း အင်တာနက်ပေါ်၌ ပျံ့နှံ့ခဲ့သည်။ ထိုစာတွင် ABSDF အတွက် ကားအစီးရေ ၆၀ ပေးခဲ့ပြီး အစီးရေ ၂၀ မှာ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းနိုင်ပြီး ကျန်အစီးရေ ၄၀ မှာ ရာခိုင်နှုန်း ၆၀ အခွန်ဆောင်ပြီး လိုင်စင်ထုတ်ယူ ရမည် ဟု ဖော်ပြထားသည်။

ABSDF နည်းတူ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) လည်း ကားအစီးရေ ၆၀ ရရှိခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ကားအသစ် တင်သွင်းခဲ့ခြင်း မရှိဘဲ ရှိထားပြီးဖြစ်သော လိုင်စင်မဲ့ ကားများကိုသာ တရားဝင်လိုင်စင် ပြုလုပ်ခဲ့ကြောင်း (SSPP/SSA) ၏ ပြန်ကြားရေး အရာရှိ တစ်ဦးက ဆိုသည်။    

သီးခြား အတည်မပြုနိုင်သော အချက်အလက်များအရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း လက်မှတ်ရေး ထိုးထားသော ကားပါမစ် ခွင့်ပြုချက်များကို အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးထားသော လက်နက်ကိုင် အဖွဲ့အစည်းတိုင်း ရရှိခဲ့ပြီး ကိန်းဂဏန်း အနေဖြင့် ကရင်အမျိုးသား အစည်းအရုံး (KNU) က အစီးရေ ၁၂၀၊ "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP/UWSA) က အစီးရေ ၁၂၀၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) က အစီးရေ ၁၂၀၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က အစီးရေ ၁၂၀၊ မွန်ပြည်သစ်ပါတီ (NMSP) က အစီးရေ ၁၂၀၊ မိုင်းလားအဖွဲ့ (NDAA) က အစီးရေ ၁၀၀၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) က အစီးရေ ၁၂၀၊ ချင်းအမျိုးသားတပ်ဦး (CNF) က အစီးရေ ၆၀၊ ဒီမိုကရေစီ အကျိုးပြု ကရင့်အမျိုးသား တပ်မတော် (DKBA) က အစီးရေ ၆၀၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (KPC) က အစီးရေ ၆၀၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အစည်းအရုံး (PNLO) က အစီးရေ ၆၀၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN) က အစီးရေ ၆၀ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးက အစီးရေ ၆၀ ရရှိကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ပေးအပ်ခဲ့သော ကားပါမစ်များနှင့် စပ်လျဉ်းပြီး စာရင်းအတိအကျ သိရှိနိုင်ရန်အတွက် Myanmar Peace Center (MPC) အဖွဲ့ဝင် ဦးအောင်နိုင်ဦးသို့ မေးမြန်းခဲ့ရာ ထိုကိစ္စရပ်ကို အစိုးရ အဖွဲ့ကသာ သိရှိနိုင်မည်ဟု ဖြေကြားခဲ့သည်။

ထို့ကြောင့် MPC ကို ဦးဆောင်နေသော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းထံသို့ ဆက်သွယ်ခဲ့ရာ ၎င်း၏ ကိုယ်ရေးအရာရှိက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)သို့ မေးမြန်းရန်နှင့် ကညနမှသာ စာရင်းအတိအကျကို သိရှိနိုင် မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်တွင် ရှိနေသော ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းချက်အရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား စုစုပေါင်း အစီးရေ ၃၀၀၀ နီးပါးအထိ တင်သွင်းခွင့် ပေးမည်ဖြစ်ပြီး တင်သွင်းလာသည့် ကားများအား ၉င/- - - - အက္ခရာတန်းဖြင့် နံပါတ်ထုတ်ပေးကာ လက်ရှိတွင် ၉င/- - - - အက္ခရာတန်းမှ အစီး ၃၀၀၀ ၀န်းကျင်စာ ချန်ထားပေးပြီး ဖြစ်သည်ဟု အတည်ပြု ပြောကြားခဲ့ရာ လက်ရှိတွင် အစီး ၁၀၀၀ ၀န်းကျင်သာ တင်သွင်းထားသည့်အတွက် အစီး ၂၀၀၀ ကျန်ရှိကြောင်း၊ ကျန်ရှိသည့် အစီး ၂၀၀၀ ကို မည်သို့လုပ်ဆောင်မည်ကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ အဆိုပါ အစီး ၂၀၀၀ အတွက် ပါမစ်များ ရောင်းချလျှင် ယခုဈေးဖြင့် ဆိုပါက အနည်းဆုံး ကျပ်သန်းပေါင်း ၁၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၀၂ သန်းကျော်)မှ အများဆုံး ကျပ်သန်းပေါင်း ၃၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၃၀၇ သန်း)အထိ ရရှိကြမည် ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းဖြစ်ရန် လိုအပ်မည်ဖြစ်သည်။

Eleven Media Group က ဆက်သွယ်မေးမြန်းနိုင်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၏ ပြောကြားချက်အရ ၎င်းတို့ရရှိထားသော ကားပါမစ် အရေအတွက်သည် ၎င်းတို့အဖွဲ့ အတွင်း အသုံးပြုရန် လုံလောက်သည့် အနေအထားတွင် မရှိသေးသည့်အပြင် အများစုမှာ ရှိထား ပြီးဖြစ်သော လိုင်စင်မဲ့ ကားများကို ရရှိသော ပါမစ်ဖြင့် လိုင်စင်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

သို့သော် ရန်ကုန်ကားဈေးကွက် အတွင်းမှ ၀ါရင့်ဝယ်/ရောင်းများ၏ ပြောစကားအရ ကားဈေးကွက်အတွင်း "ငြိမ်းချမ်းရေး ကားပါမစ်" များ အများအပြား ရှိနေပြီး အဆိုပါ ကားပါမစ်များထဲတွင် Rolls-Royce နှင့် Bentley အစရှိသော မြို့ပေါ်သုံး ဇိမ်ခံကား အကောင်းစားများလည်း ပါဝင်နေသည့်အပြင် ထိုကားများကို ထိုင်းနိုင်ငံ နယ်စပ်မှတစ်ဆင့် တင်သွင်းနေကြောင်း သိရသည်။  

"ကျွန်တော်တို့သိတဲ့ ငြိမ်းချမ်းရေး ကားပါမစ် အများစုက အခွန်ကင်းလွတ်ခွင့် ရတယ်။ သိန်းလေးရာ ငါးရာအထက် ပေါက်ဈေးရှိတယ်။ ကြိုက်တဲ့ကား အမျိုးအစား သွင်းလို့ရတယ်လို့လည်း သိရတယ်။ သွင်းတဲ့လမ်းကြောင်းက ထိုင်းနယ်စပ်ကပဲ။ သွင်းတဲ့သူ အများစုက ကားအကောင်းတွေ သွင်းတာများတယ်။ ဥပမာ Cadillac StRX ဆိုရင် ပုံမှန်အတိုင်း သွင်းမယ်ဆိုရင် သိန်း ၁၅၀၀ ၀န်းကျင်လောက် ကျပေမဲ့ ပါမစ်နဲ့သွင်းရင် သိန်း ၁၀၀၀ ၀န်းကျင်လောက်ပဲ ကျသင့်မယ်။ ငြိမ်းချမ်းရေး ပါမစ်နဲ့ Bentley တို့ Rolls-Royce တို့ သွင်းတဲ့သူတွေ ရှိတယ်။ ဘယ်ကားအမျိုးအစား ဘယ်လောက်သွင်းထားလဲတော့ အတိအကျ မသိသေးဘူး" ဟု ၀ါရင့်ကားဝယ်/ရောင်းတစ်ဦးက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသို့ ကားပါမစ်များ ချထားပေးရာတွင် ဥပမာအားဖြင့် အစီး ၆၀ အတွက် ပါမစ်ရရှိသည့် အဖွဲ့များသည် အစီး ၂၀ အတွက် အခွန်အရပ်ရပ်နှင့် ယာဉ်မှတ်ပုံတင်ကြေး အားလုံးကင်းလွတ်ခွင့် ရရှိပြီး ကျန်အစီး ၄၀ မှာ ယာဉ်မှတ်ပုံတင်ကြေးအား ၆၀ ရာခိုင်နှုန်း သာ ပေးဆောင်စေသည့် နည်းလမ်းနှစ်မျိုးဖြင့် ချထားပေးခြင်း ဖြစ်သည်။

ရာခိုင်နှုန်းအားဖြင့် တင်သွင်းခွင့်ရသည့် ပါမစ်စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းမှာ (အစီးရေ ၁၀၀၀ နီးပါး) လုံးဝကင်းလွတ်ခွင့်ဖြင့် ရရှိပြီး ပါမစ်ပေါင်း၏ ၆၇ ရာခိုင်နှုန်းမှာ (အစီးရေ ၂၀၀၀) ယာဉ်မှတ်ပုံတင်ကြေး ရာခိုင်နှုန်း ၆၀ သာ ပေးဆောင်ရမည် ဖြစ်သည်။

ဈေးကွက်အတွင်း ငြိမ်းချမ်းရေးအတွက် ချထားပေးသည့် ပါမစ်များကို ရောင်းဝယ်ရာတွင် တစ်စောင်လျှင် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၄၀၀၊ ၁၅၀၀ အထိ ပေါက်ဈေးရှိသည်။

ယာဉ်မှတ်ပုံတင်ကြေးပါ ပေးဆောင်ရန် မလိုဘဲ အခွန်အရပ်ရပ် လုံးဝကင်းလွတ်သည့် ပါမစ်များဆိုလျှင် ကျပ်သိန်း ၁၄၀၀၊ ၁၅၀၀ ဖြင့် အပြတ်ရောင်းသကဲ့သို့ အချို့ကလည်း တင်သွင်းလိုသည့် ကားတန်ဖိုးပေါ်တွင် မူတည်၍ တန်ဖိုးကြီးသည့် ကားဆိုလျှင် ပါမစ်ဈေးအား ပိုမိုတောင်းယူသည့် အနေဖြင့် ရောင်းဝယ်လျက် ရှိသည်။

လက်ရှိ စုံစမ်းသိရှိရသော ထုတ်ပေးပြီး အစီးရေ ၁၁၈၀ အတွက် ဆိုလျှင်ပင် ပါမစ်ရောင်းချမှု တစ်ခုတည်းမှ အနည်းဆုံး ကျပ်သန်းပေါင်း ၅၉၀၀၀ (အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်) မှ အများဆုံး ကျပ်သန်းပေါင်း ၁၇၇၀၀၀ (အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော်)အထိ တင်သွင်းခွင့် ရသူနှင့် ကြားပွဲစားအချို့ ရရှိမည်ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ နီးပါးအထိ တန်ဖိုးရှိသော Rolls Royce Phantom 2013  အမျိုးအစားကားအား အခွန်ပေးဆောင်၍ တင်သွင်းမည် ဆိုပါက အခွန်အရပ်ရပ် ကျပ်သိန်းပေါင်း ၈၅၀၀ ကျော် ပေးဆောင်ရ မည်ဖြစ်ပြီး စုစုပေါင်း ကျပ်သိန်းပေါင်း ၁၄၀၀၀ ၀န်းကျင်အထိ ကုန်ကျမည်ဖြစ်သည်။

သို့သော် ယခုရန်ကုန်တွင် Rolls Royce Phantom 2013 အမျိုးအစားကားအား ကျပ်သိန်း ၅၅၀၀ ၀န်းကျင်ဖြင့် ဈေးခေါ်ရောင်းချလျက်ရှိပြီး အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ရသော ငြိမ်းချမ်းရေး ပါမစ်ဖြင့် တင်သွင်းသည့်အတွက် ယခုဈေးဖြင့် ရောင်းချနိုင်ခြင်းလည်း ဖြစ်သည်။
အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ အထိ တန်ဖိုးရှိသော Bentley Mulsanne 2013 အမျိုးအစား ကားများကို အခွန်ပေးဆောင် တင်သွင်းမည် ဆိုပါက နိုင်ငံတော်သို့ အခွန်ငွေကျပ်သိန်း ၅၀၀၀ ကျော် အထိ ပေးဆောင်ရမည်ဖြစ်ပြီး ကားတစ်စီးလျှင် ကျပ်သိန်း ၈၀၀၀ ၀န်းကျင်အထိ ကျသင့်မည်ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ ၀န်းကျင် တန်ဖိုးရှိသော Lexus 2013 မော်ဒယ်ကို အခွန် အရပ်ရပ် ပေးဆောင်ပြီး တင်သွင်းမည် ဆိုပါက လက်ရှိသတ်မှတ်ထားသော CIF ဈေးပေါ်၌ပင် အခွန်ငွေ ကျပ်သိန်း ၁၃၀၀ ၀န်းကျင်အထိ ပေးဆောင်ရမည်ဖြစ်ပြီး စုစုပေါင်း တစ်စီးလျှင် ကျပ်သိန်းပေါင်း ၂၃၀၀ ၀န်းကျင်အထိ ကျသင့်မည်ဖြစ်သည်။

သို့သော် အခွန်ပေးဆောင်ရန် မလိုသော ငြိမ်းချမ်းရေး ပါမစ်ဖြင့် တင်သွင်းလာသူများက Lexus 2013 ကို တစ်စီးလျှင် ကျပ်သိန်း ၂၀၀၀ ၀န်းကျင်အထိပင် ဈေးလျှော့ရောင်းချလျက် ရှိနေသည်။

အနည်းဆုံးဈေးဖြစ်သည့် ငြိမ်းချမ်းရေး ကားပါမစ်တစ်စောင် ကျပ်သိန်း ၅၀၀ ဖြင့် ၀ယ်ယူတင်သွင်းမည့် သူသည် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ ၀န်းကျင် တန်ဖိုးရှိသည့် ကားကိုသာ အများဆုံး တင်သွင်းကြမည် ဖြစ်သည်။

ခွင့်ပြုမည့် ငြိမ်းချမ်းရေး ကားပါမစ် ၃၀၀၀ တွင် အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ရမည့် အစီးရေ ၁၀၀၀ အထိ ပါဝင်ရာ ယင်းအစီးရေ ၁၀၀၀ တင်သွင်းမှု တစ်ခုတည်းမှ ပြည်သူ့ဘဏ္ဍာငွေအဖြစ် ရရှိမည့် အခွန်ပမာဏမှာ အနည်းဆုံး ကျပ်သန်း ၁၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၀၂ သန်း) မှ အများဆုံး ကျပ်သန်း ပေါင်း ၆၈၀၀၀၀ (အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်) အထိ နစ်နာဆုံးရှုံး သွားမည်ဖြစ်သည်။  

Rolls-Royce, Bentley ကဲ့သို့ ကားမျိုးမှာ မြန်မာနိုင်ငံတွင် လုပ်ငန်းရှင်ကြီးများသာ စီးနိုင်ပြီး အဆိုပါ လုပ်ငန်းရှင်ကြီးများ အခွန်ကင်းလွတ်ခွင့်ဖြင့် သက်သက်သာသာ စီးနိုင်ရန် ပြည်သူ့ဘဏ္ဍာ အနာခံ၍ လုပ်ပေးသည့် သဘောပင် သက်ရောက်နေပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ၏ နယ်မြေတွင် သုံးစွဲလေ့ရှိသည့် ကားအမျိုးအစားများ မဟုတ်ဘဲနှင့် Rolls-Royce နှင့် Bentley အစရှိသော မြို့ပေါ်သုံး နောက်ဆုံးပေါ် အဆင့်မြင့် ဇိမ်ခံကားများ "ငြိမ်းချမ်းရေး ကားပါမစ်" ဖြင့် ၀င်ရောက်လာခြင်းသည် ငြိမ်းချမ်းရေး ကားပါမစ်များကို လက်မှတ်ရေးထိုး ထုတ်ပေးနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် Myanmar Peace Center (MPC) တို့အပြင် အခြားဆက်နွှယ် နေသူများအား "ကားပါမစ် ထုတ်ပေးရာတွင် ငြိမ်းချမ်းရေး အဖွဲ့များကို ကျော်လွန်ပြီး ထုတ်ပေးခြင်းများ ရှိနေသလား" ဟူသည့်မေးခွန်း ထွက်ပေါ်စေခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက KIA/KIO အမှတ်တံဆိပ် ငြိမ်းချမ်းရေး (ယာယီ) 9F/1881 ယာဉ်နံပါတ်ဖြင့် Rolls-Royce ယာဉ်တစ်စီး၏ ဓာတ်ပုံကို Democratic Wave ဘလော့ဂ်တွင် ဖော်ပြခဲ့ပြီး "တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို MPC မှတစ်ဆင့် ကားပါမစ်များ ချပေးခြင်း၊ ထိုပါမစ်များကို MPC မှပင် ပြန်လည်ဝယ်ယူခြင်း၊ ၀ယ်ယူရရှိသည့် ကားပါမစ်များဖြင့် နောက်ဆုံးပေါ် ဇိမ်ခံကားများ ကို နိုင်ငံခြား ပေါက်ဈေးဖြင့် ၀ယ်ယူပြီး MPC အဖွဲ့ဝင်များက အမြတ်တင် ရောင်းချပြီး စီးပွားဖြစ်နေကြောင်း" ဟု ရေးသားထားသည်ကို တွေ့ရှိရသည်။

Democratic Wave ဘလော့ဂ်တွင် ရေးသားထားချက်နှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသော်လည်း KIA/KIO အဖွဲ့အနေဖြင့် အစိုးရကပေးသော ကားပါမစ်များကို လက်ခံထားခြင်း မရှိကြောင်း KIO အလုပ်အဖွဲ့၏ မြစ်ကြီးနားရုံး တာဝန်ခံ ဦးဒေါင်ခါးက ပြောကြားသည်။

လက်ရှိ အခြေအနေများအရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ခွင့်ပြုပေးထားသော ကားပါမစ် အရေအတွက်နှင့် တင်သွင်းနေသည့် ကားအမျိုးအစား များကို အတိအကျ ထုတ်ပြန်ရန် လိုအပ်နေသည်။

နိုဝင်ဘာ ၂၂ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ (၂)၊ အမှတ်(၃၇) တွင် ဖော်ပြခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) ၏ နိုင်ငံခြားရေးဝန်ကြီး ဦးပီတာလင်းပင်နှင့် တွေ့ဆုံခြင်း အင်တာဗျူး၌ ဦးပီတာလင်းပင်က "ကျွန်တော်လာတော့ သမ္မတကြီး အကြံပေးရဲ့ ဟိုတယ်မှာ နေတယ်။ နေဇင်လတ်ဆီမှာ . . . ဦးလှမောင်ရွှေက သုံးလေးရက်နေတော့ လာတွေ့တယ် . . . ဦးအောင်မင်းတို့နဲ့တွေ့ဖို့ သင့်တယ်ဆိုတော့ ကျွန်တော်က လက်ခံတယ် . . .  ဦးလှမောင်ရွှေ၊  ဦးခင်မောင်သန်း၊ သူတို့ Egress က နောက်တစ်ယောက် ဦးဆန်နီညွန့်သိန်း . . .ပထမဆုံး ဦးအောင်မင်း ရောက်လာတယ်။ သမ္မတကြီးက ခင်ဗျားကို တရားဝင် တွေ့ခွင့်ပေးလိုက်တာပါ . . . ခဏနေတော့ ဦးစိုးသိန်းလာတယ်။ ကျွန်တော့်ကို လက်ဆောင်တွေပေးတယ် . . . ကျွန်တော့်ကို သူတို့ပါလာတဲ့ ကားသုံးစီးက တစ်စီးယူသွားလို့ ပြောတယ်။ လိုချင်ရင် ပြန်ရင်မောင်းသွားရုံပဲ။ ပိုက်ဆံမပါရင် သုံးဖို့ပေးမယ်။ သိန်းတစ်ထောင်။ နေဖို့အတွက် အင်းလျားကန်ပေါင်ဘေးမှာ နေရာတစ်နေရာ လက်ညှိုးထိုး နေစရာလုပ်ပေးမယ် ပြောတယ်" ဟု အစရှိသဖြင့် ပြောကြားခဲ့သည်။

ခွင့်ပြုမည့် ငြိမ်းချမ်းရေး ကားပါမစ် ၃၀၀၀ တွင် အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ရမည့် အစီးရေ ၁၀၀၀ အထိ ပါဝင်ရာ ယင်းအစီးရေ ၁၀၀၀ တင်သွင်းမှု တစ်ခုတည်းမှ ပြည်သူ့ဘဏ္ဍာငွေအဖြစ် ရရှိမည့် အခွန်ပမာဏမှာ အနည်းဆုံး ကျပ်သန်း ၁၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၀၂ သန်း) မှ အများဆုံး ကျပ်သန်း ပေါင်း ၆၈၀၀၀၀ (အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်) အထိ နစ်နာဆုံးရှုံး သွားမည် . . . . .

အဆိုပါ အင်တာဗျူး၌ ဦးပီတာလင်းပင်က MPC အဖွဲ့ဝင် ဦးလှမောင်ရွှေအား "ပွဲစား" ဟု သုံးနှုန်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နှင့် တွေ့ဆုံရန်အတွက် ဦးလှမောင်ရွှေကပင် ဆက်သွယ်ပေးခဲ့သည်ဟု ဆိုသည်။

ပြည်ထောင်စုဝန်ကြီး တစ်ဦးက ပြည်ပမှ ရောက်ရှိလာသော နိုင်ငံရေးသမား တစ်ဦးအား ငွေသိန်း တစ်ထောင်၊ ကားတစ်စီးနှင့် အင်းလျားကန်ပေါင်တွင် နေရာပေးခဲ့ခြင်း အစရှိသဖြင့် အလွယ်တကူ ထုတ်ဖော်ပြောဆိုခြင်းကို ဥပမာပြုပြီး "ငြိမ်းချမ်းရေး ကားပါမစ်" များဖြင့် နောက်ဆုံးပေါ် ဇိမ်ခံကားများ ရန်ကုန်ကားဈေးကွက်သို့ ရောက်ရှိနေခြင်းအား ဆက်စပ်ပြောကြားမှုများ ရှိနေကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း MPC ကို ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးနေမှု ပြုလုပ်နေသော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အိမ်ရောင်း၊ ကားရောင်းပြီး လုပ်နေရခြင်းဖြစ်ကြောင်း စက်တင်ဘာ တတိယပတ် အတွင်းက တရားဝင် ထုတ်ဖော်ပြောကြားခြင်း ရှိခဲ့သည်။

"ဦးအောင်မင်းကို ကြိုက်တဲ့အချိန် ပိုက်ဆံစစ်လို့ ရတယ်။ အခု ပိုက်ဆံစိုက်ပြီး လုပ်နေတာ။ ဒါတွေက ငြိမ်းချမ်းရေးကို လိုချင်လွန်းအားကြီးလို့ အိမ်ရောင်း၊ ကားရောင်းပြီး လုပ်နေတာ။ ဘယ်အိမ်တွေ ရောင်းထားလဲဆိုတာ သိချင်သေးတယ်ဆိုရင် ကျွန်တော်လိပ်စာ ပေးလိုက်ဦးမယ်။ သွားကြည့်လိုက်ဦး" ဟူ၍ ဦးအောင်မင်းက စက်တင်ဘာ တတိယပတ်က MPC ပြောကြားခဲ့သည်။

ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ကုန်ကျစရိတ်များကို အိတ်စိုက်လုပ်ကိုင်နေကြောင်း ဦးအောင်မင်းက ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း ပြောကြားခဲ့ဖူးသည်။

"အခုလောလောဆယ်တော့ အိတ်စိုက်ပဲ ချတယ်။ ဘာလို့အိတ်စိုက်ပဲ ချနေလဲဆိုတော့ သတင်းထုတ်သင့်မှလည်း ထုတ်ပေါ့နော်။ အဘတို့က စိတ်တူ၊ သဘောတူ ပညာရှင်တွေနဲ့ ပေါင်းပြီးတော့ လုပ်ကြတာပေါ့။ များသောအားဖြင့်က အဘတို့ နောက်ပြီးတော့ လုပ်ငန်းရှင်တွေက ဦးလှမောင်ရွှေတို့၊ သူတို့ဆိုရင် ခရီးစဉ်တစ်ခု သွားမယ်ဆိုရင် ပိုက်ဆံချိုးလိုက်တာပဲ။ တစ်ယောက်တစ်ဝက်စီ ထည့်မယ်ဆိုပြီးတော့ ဒီလိုပဲ သွားကြလာကြ၊ ပြီးတော့ ချကြတာပေါ့နော်။ ဦးလှမောင်ရွှေဆိုရင် အဘနဲ့ပေါင်းမှ ဆင်းရဲသားစာရင်း သွင်းရတော့မယ် သူ့ကိုလေ။ အကုန် ဒီနေ့ ဒီအချိန်အထိက နိုင်ငံတော်စရိတ် လုံးဝမသုံးပါဘူး" ဟု ဦးအောင်မင်းက ၂၀၁၂ ခုနှစ် စက်တင်ဘာ တတိယပတ်က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ကုန်ကျစရိတ်များကို အိမ်ရောင်း၊ ကားရောင်းပြီး လုပ်ကိုင်နေသည်ဟု ဦးအောင်မင်းက ပြောကြားသော်လည်း MPC အနေဖြင့် နိုင်ငံတကာ၏ ကူညီထောက်ပံ့ငွေ ကတိက၀တ်များ ရရှိထားသည့်အပြင် MPC အဖွဲ့များအနက် (သီးခြား အတည်ပြုနိုင်ခြင်း မရှိဘဲ သတင်းထွက်ပေါ်မှု များအရ ဒေါက်တာမင်းဇော်ဦးကဲ့သို့) ပညာရှင် အချို့ကို တစ်လလျှင် လစာအနေဖြင့် ဒေါ်လာသောင်း ဂဏန်းပေးပြီး ခန့်အပ်ထားသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

သို့သော် အဆိုပါ သတင်းများနှင့် ပတ်သက်၍ MPC ဘက်မှ ရှင်းလင်းသော ထုတ်ပြန်ပြောဆိုမှုများ မရှိခဲ့ဘဲ MPC ၏ ဘတ်ဂျက်ကို ပြောဆိုရာ၌ ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် အလှူရှင် နိုင်ငံများက ကတိပြုထားသည့် ဘတ်ဂျက်နှင့် ခွဲခြားပြောရမည် ဖြစ်ကြောင်း၊ ကတိက၀တ် ပြုထား သည့် ငွေကြေးပမာဏမှာ Peace Donor Support Group (PDSG) အဖွဲ့က အမေရိကန်ဒေါ်လာ သန်း ၃၀ လှူဒါန်းရန် ကတိပြုထားပြီး MPC ၏ ဘတ်ဂျက်အတွက် ဥရောပသမဂ္ဂ (EU) က အဓိက ထောက်ပံ့ကြောင်း MPC ၏ အထူးအကြံပေး ဦးတင်မောင်သန်းက မတ်လအတွင်းက The Voice Weekly ဂျာနယ် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ထို့အပြင် MPC တွင် ၀န်ထမ်းအင်အား ၇၁ ဦးရှိကြောင်း သိရပြီး အဆိုပါ ၀န်ထမ်းများကို EU ၏ ဘတ်ဂျက်အထောက်အပံ့ဖြင့် တာဝန်ထမ်းဆောင်စေခြင်း ဖြစ်ကြောင်း၊ တစ်ဦးချင်းစီ၏ လခများကို နိုင်ငံတကာ အဖွဲ့အစည်းများတွင် ကျင့်သုံးသည့် လုပ်ထုံးလုပ်နည်းအရ ထုတ်ဖော်ပြောဆိုခွင့် မရှိကြောင်း ဦးတင်မောင်သန်းက ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ပထမပတ် အတွင်းက ပြုလုပ်ခဲ့သော MPC ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည့် EU ဥက္ကဋ္ဌ José Manuel Barrosou မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် MPC သို့ ကနဦး အနေဖြင့် အမေရိကန်ဒေါ်လာ ကိုးသိန်း ထောက်ပံ့ထားပြီး ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၅ သန်း ထောက်ပံ့ပေးမည်ဟု ကတိပြုကြောင်း တရားဝင် ပြောကြားခဲ့သည်။

MPC ၏ အကြံပေး ဦးတင်မောင်သန်းက The Voice Weekly အင်တာဗျူးတွင် ပြောဆိုခဲ့ပြီးနောက်ပိုင်း MPC က ရရှိနေသော နိုင်ငံခြား ထောက်ပံ့ငွေများ၊ ဘဏ္ဍာရေး ရှင်းတမ်းများကို အသေးစိတ် ထပ်မံပြောဆိုခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးအတွက် MPC ၏ သုံးစွဲနေမှုများသည် အစိုးရ ဘတ်ဂျက်ဖြင့် သုံးစွဲမှု ဟုတ်မဟုတ်၊ မည်သည့် ငွေကြေးများဖြင့် မည်သို့သုံးစွဲခြင်း သို့တည်းမဟုတ် ယခုကားပါမစ် ကဲ့သို့သော အခွင့်အလမ်းမှ ၀င်ငွေများဖြင့် သုံးစွဲခြင်း ဟုတ်မဟုတ်တို့ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန်လည်း လိုအပ်ပြီး ပွင့်လင်းမြင်သာမှု မရှိပါက အလွဲသုံးသည်ဟု မှတ်ယူစရာအဖြစ် ရှိနေနိုင်သည်။

လက်ရှိအချိန်တွင်မူ "ငြိမ်းချမ်းရေး ကားပါမစ်" များဖြင့် Royce နှင့် Bentley အစရှိသော မြို့ပေါ်သုံး နောက်ဆုံးပေါ် ဇိမ်ခံကားများ ထိုင်းနယ်စပ်မှတစ်ဆင့် ရန်ကုန်ကားဈေးကွက်သို့ ၀င်ရောက်နေခြင်း၊ ခွင့်ပြုပေးထားသော "ငြိမ်းချမ်းရေး ကားပါမစ်" အရေအတွက်နှင့် "ငြိမ်းချမ်းရေး ကားပါမစ်" ဖြင့် တင်သွင်းနေသော ကားအမျိုးအစားများ ရှင်းလင်းစွာ မရှိခြင်းက MPC အပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဆက်နွှယ်နေသူ အားလုံးအပေါ် မေးခွန်းထုတ်မှုများ ရှိနေခဲ့သည်။ 

ငြိမ်းချမ်းရေး ကားပါမစ်များနှင့် ပတ်သက်သော အချက်အလက် အချို့
-   တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား စုစုပေါင်း အစီးရေ ၃၀၀၀ နီးပါးအထိ တင်သွင်းခွင့် ပေးမည်ဖြစ်ပြီး တင်သွင်းလာသည့် ကားများအား ၉င/- - - - အက္ခရာတန်းဖြင့် နံပါတ်ထုတ်ပေးကာ လက်ရှိတွင် ၉င/- - - - အက္ခရာတန်းမှ အစီး ၃၀၀၀ ၀န်းကျင်စာ ချန်ထားပေးပြီး ဖြစ်သည်။
-   အစီးရေ ၃၀၀၀ ၀န်းကျင်စာကို ကညနမှ ချန်ထာပြီးချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရရှိထားသည့် ကားပါမစ် အရေအတွက်မှာ ၁၀၀၀ ၀န်းကျင်ခန့်တွင်သာ ရှိနေပြီး ကျန်ရှိသော စီးရေ ၂၀၀၀ ခန့်ကို မည်သည့်ပုံစံဖြင့် လုပ်ဆောင်ရန် ရှိသည်ဆိုခြင်းကို မသိရှိရသေးပေ။
-   အစီး ၆၀ အတွက် ပါမစ်ရရှိသည့် အဖွဲ့များသည် အစီး ၂၀ အတွက် အခွန်အရပ်ရပ်နှင့် ယာဉ်မှတ်ပုံတင်ကြေးအားလုံး ကင်းလွတ်ခွင့် ရရှိပြီး ကျန်အစီး ၄၀ မှာ ယာဉ်မှတ်ပုံတင်ကြေးအား ၆၀ ရာခိုင်နှုန်းသာ ပေးဆောင်စေသည့် နည်းလမ်းနှစ်မျိုးဖြင့် ချထားပေးခြင်းဖြစ်။
-   ပါမစ်စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းမှာ (အစီးရေ ၁၀၀၀ နီးပါး) လုံးဝကင်းလွတ်ခွင့်ဖြင့် ရရှိပြီး ပါမစ်ပေါင်း၏ ၆၇ ရာခိုင်နှုန်းမှာ (အစီးရေ ၂၀၀၀) ယာဉ်မှတ်ပုံတင်ကြေး ရာခိုင်နှုန်း ၆၀ သာ ပေးဆောင်ရမည် ဖြစ်သည်။
-    ပါမစ်များကို ရောင်းဝယ်ရာတွင် တစ်စောင်လျှင် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၄၀၀၊ ၁၅၀၀ အထိ ပေါက်ဈေးရှိသည်။
-   ထုတ်ပေးပြီး အစီးရေ ၁၁၈၀ အတွက် ဆိုလျှင်ပင် ပါမစ်ရောင်းချမှု တစ်ခုတည်းမှ အနည်းဆုံး ကျပ်သန်းပေါင်း ၅၉၀၀၀ (အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်) မှ အများဆုံး ကျပ်သန်းပေါင်း ၁၇၇၀၀၀ (အမေရိကန်ဒေါ်လာသန်း ၁၈၀ ကျော်)အထိ တင်သွင်းခွင့် ရသူနှင့် ကြားပွဲစားအချို့ ရရှိမည်။
-   အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ နီးပါးအထိ တန်ဖိုးရှိသော Rolls Royce Phantom 2013 အမျိုးအစားကားအား အခွန်ပေးဆောင်၍ တင်သွင်းမည် ဆိုပါက အခွန်အရပ်ရပ် ကျပ်သိန်းပေါင်း ၈၅၀၀ ကျော် ပေးဆောင်ရမည်။
-   အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ အထိ တန်ဖိုးရှိသော Bentley Mulsanne 2013 အမျိုးအစားကားများကို အခွန်ပေးဆောင် တင်သွင်းမည်ဆိုပါက နိုင်ငံတော်သို့ အခွန်ငွေကျပ် သိန်း ၅၀၀၀ ကျော်အထိ ပေးဆောင်ရမည်။
-   ပါမစ် ၃၀၀၀ တွင် အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ရမည့် အစီးရေ ၁၀၀၀ အထိ ပါဝင်ရာ ယင်းအစီးရေ ၁၀၀၀ တင်သွင်းမှု တစ်ခုတည်းမှ ပြည်သူ့ဘဏ္ဍာငွေအဖြစ် ရရှိမည့် အခွန်ပမာဏမှာ အနည်းဆုံး ကျပ်သန်း ၁၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၀၂ သန်း) မှ အများဆုံး ကျပ်သန်း ပေါင်း ၆၈၀၀၀၀ (အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်) အထိ နစ်နာဆုံးရှုံး သွားမည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment