Wednesday 10 July 2013

ပဲဈေးကွက် နှစ်နှင့်ချီ၍ ကျဆင်းနေမှုကြောင့် ပြည်ပသို့ ပဲတင်ပို့နေသော ကုမ္ပဏီအများစု တင်ပို့နိုင်ခြင်း မရှိတော့

bean-july10
မန္တလေး ကုန်စည်ဒိုင်မြင်ကွင်း (ဓာတ်ပုံ-သက်ထွန်းအောင်)

ပြည်ပသို့ အဓိက တင်ပို့နေသော မတ်ပဲနှင့် ပဲစင်းငုံဈေးများ သိသိသာသာ ကျဆင်းလာမှုကြောင့် ပြည်ပသို့ ပဲတင်ပို့နေသော ကုမ္ပဏီရာခိုင်နှုန်း ၈၀ ၀န်းကျင် တင်ပို့ရန် အခက်အခဲရှိနေကြောင်း ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည် ဒိုင်မှ ပဲလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။
"လက်ရှိ ပဲဈေးကွက်က အိန္ဒိယဈေးကွက်အပေါ်မှာ မူတည်နေပါတယ်။ အဓိကက လွန်ခဲ့တဲ့ ငါးနှစ်လောက် ကစပြီး အိန္ဒိယရဲ့ ၀ယ်ယူမှုပုံစံ ပြောင်း သွားတယ်။ အခုဆို နည်းနည်းပါးပါး ၀ယ်လိုက်ရပ်သွား လိုက် ဖြစ်နေတယ်။ ပြီးရင်ဈေးကိုချပြီး ၀ယ်တယ်။ ပဲထဲမှာ အဓိက ဆိုးဆိုးရွားရွား ကျဆင်းနေ တာက အိန္ဒိယက၀ယ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံဈေးကွက်ပါ" ဟု ပဲလုပ်ငန်း ရှင်တစ်ဦးက ပြောပြခဲ့သည်။

ယင်းကဲ့သို့ အိန္ဒိယမှဝယ်ယူမှု ကျဆင်းနေချိန်တွင် ပဲဈေးကွက်အတွင်း၌ ၀င်ကစားသူများလည်း ရှိနေကြောင်း၊ လေရောင်းလေ၀ယ်ဖြင့် ဈေးကွက် ဖျက်သည့် သဘောများလည်း တွေ့ရှိရကြောင်း သိရှိရသည်။

"ဈေးကစားတဲ့သူတွေက ဟိုဘက်မှာ ပဲဈေးတက်တယ်လို့ နည်းနည်း အသံကြားတာနဲ့ ဒီက FOB ဈေး ထက်မြင့်အောင် ၀ယ်လိုက်တယ်။ မနက်ဆိုရင် အမြဲတမ်းမေးတယ်။ ဘယ်ဈေးနဲ့ ရောင်းမလဲဆိုတာမျိုး၊ ကျွန်တော်တို့ ဈေးဖွင့်တဲ့ဈေးက နိမ့်နေရင် ကောက်စားသွားတယ်။ မြင့်ရင်တော့ အကြောင်း မပြန်တော့ ဘူး။ ဒါဟိုဘက်က ပဲကုမ္ပဏီတွေရဲ့ အကျင့်ပါပဲ။ ပြီးတော့ ဒီဘက်က ဈေးကွက်အနေအထားနဲ့ ပတ်သက်ပြီး သူတို့မှာ informer တွေ အမြဲတမ်းရှိတယ်။ ပြည်တွင်းမှာ ပဲလက်ကျန် များနေတယ် ဆိုတာ လည်း သူတို့ သိတယ်။ ဒါကြောင့်သူတို့က ဈေးကိုတိုးမပေးပါဘူး" ဟု ပြည်ပသို့ ပဲတင်ပို့နေသော လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်တွင် မတ်ပဲစိုက်ဧကများ များပြားခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်ပဲတန်ချိန် ခုနစ်သိန်းကျော် ထွက်ရှိခဲ့ကြောင်း ယင်းကဲ့သို့ ပဲအထွက်များသည့်နှစ်တွင် မိုးမိသဖြင့် ပဲများအရည်အသွေး ထိခိုက်ခဲ့ကြောင်း၊ ထိုနှစ်တွင်ပင် ပထမဦးစွာ ထွက်သည့်ပဲများ အရည်အသွေး ညံ့သည်ဟုဆိုကာ အိန္ဒိယဘက်မှ အနိမ့်ဈေးဖြင့်သာ သတ်မှတ်ဝယ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ မတ်ပဲနှင့် ပဲစင်းငုံများကလည်း အိန္ဒိယ ဈေးကွက်သို့သာ အဓိက တင်ပို့နေရသည့် အတွက် ၂၀၁၁ ခုနှစ်မှစပြီး ပဲဈေးကွက် စတင်ကျဆင်းခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ယခု ၂၀၁၃ ခုနှစ်ကာလ အတွင်း နှစ်စဉ်ပဲ လက်ကျန်များလည်း ရှိနေကြောင်း၊ ယခု ၂၀၁၃ ခုနှစ်တွင်ဈေး ဆက်ကျနေခြင်းမှာလည်း ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်မှ အရှိန်များနှင့် ဆက်စပ်ကြောင်း ပဲလုပ်ငန်းရှင်တို့က သုံးသပ်ပြောကြားသည်။

"ပဲဈေးကွက်က ကျဆင်းနေတယ် ဆိုတာက အိန္ဒိယ ပဲကုန်သည်တွေရဲ့ informer တွေ ဒီမှာရှိတယ်။ ဒီတော့ဒီဘက်က ဈေးကွက်အနေအထားကို ခန့်မှန်းလို့ရတယ်။ နောက်တစ်ခုက သူတို့ဘက်က ၀ယ်ယူရေးစနစ်က အားသာနေတယ်။ အရင်တုန်းကလို ကုန်သည်က တိုက်ရိုက်ဝယ်ယူတာမျိုး မဟုတ်ဘဲနဲ့ တင်ဒါစနစ်နဲ့ ပြောင်းဝယ်လာတယ်။ ပြီးတော့ အစိုးရက လူထုကို ဈေးလျှော့ရောင်းတယ်။ သူတို့ရဲ့ ၀ယ်ယူရေးစနစ်က သူတို့နိုင်ငံ အတွက် အရမ်းကောင်းသွားတယ်။ ဒီဘက်မှာတော့ ဈေးမရတော့ ဘူး။ ပိုဆိုးတာက ထုတ်လုပ်မှုစရိတ်ကို မကာမိလောက်အောင် အောက်ရောက် သွားပြီ ဆိုရင် မရောင်းနိုင်တော့ဘူး။ အဲဒီပဲတွေကို နောက်နှစ်အတွက် ကဲ့ယူရင်းနဲ့ ဒီသုံးနှစ်လောက်က ပဲဈေးကျ တဲ့နှစ်တွေ ဖြစ်နေတော့တာပဲ" ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ပဲများအား အစိုးရနှင့် ဖက်စပ်လုပ်ထား သည့် ကုမ္ပဏီကြီးလေးခုမှ တင်ဒါစနစ်ဖြင့် ၀ယ်ယူတင်သွင်းနေပြီး အစိုးရက အရှုံးခံ၍ပြန်လည် ဖြန့်ဖြူးပေးနေကြောင်း သိရှိရသည်။

"အခု ပြည်တွင်းဈေးကွက်မှာ မတ်ပဲ FAQ က တစ်တန်ကို ၄၈၃၀၀၀ ဈေးပဲ ရှိတယ်ဆိုတော့ ဈေး ကတော်တော်လေး ကျနေတယ်။ လက်ရှိအခြေအနေ မှာ အိန္ဒိယကလည်း ရာသီဥတု ကောင်းနေတယ်။ စိုက်လို့ပျိုးလို့ဖြစ်နေတဲ့ အနေအထားဆိုတော့ သူတို့ဆီမှာရှိတဲ့ stock တွေကို ထုတ်ရောင်းနေတယ်။ ဒါကြောင့် လက်ရှိမှာ ဈေးကျနေတယ်။ ဟိုဘက်ကကျလိုက် ဒီဘက်ကကျ လိုက်နဲ့ မုန့်လုံးစက္ကူ ကပ်သလို အကျသံသရာ လည်နေပါတယ်" ဟု လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။

ယင်းကဲ့သို့ ပဲဈေးကွက် ကျနေခြင်းမှာ သုံးနှစ်ကြာခဲ့ပြီဖြစ်ပြီး အိန္ဒိယရူပီးဈေး သိသိသာသာ ကျဆင်းနေခြင်း၊ ပြည်တွင်းဈေးကွက်တွင် ပဲလက်ကျန်များ များနေခြင်း၊ မြန်မာပြည်ဈေးကွက်အား ခန့်မှန်း ရနေခြင်း၊ အိန္ဒိယ ပဲဝယ်ယူမှု ပုံစံ ပြောင်းလဲလိုက်ခြင်း စသည့်အကြောင်းတရားများ တိုက် ဆိုင်နေသောကြောင့် ဖြစ်ကြောင်း၊ ထို့အတွက် ပြည်တွင်းတွင်ရှိသော မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့နေသော ကုမ္ပဏီ ၈၀ ရာခိုင်နှုန်း ၀န်းကျင်ခန့် အရောင်းအ၀ယ်လုပ်ရန် အခက်အခဲ ဖြစ်နေကြောင်း သိရှိရသည်။
EMG

No comments:

Post a Comment