Wednesday 10 July 2013

၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအား ပြင်ဆင်ရေးဆွဲမည် မဟုတ်

ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေသည် လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သော်လည်း ယနေ့ခေတ်ကာလတွင် လိုက်နာကျင့်သုံးနိုင်မှု ရှိနေသေးကြောင်း တွေ့ရှိရသည့် အတွက် ယင်းဥပဒေအား ပြန်လည်ပြင်ဆင် ရေးဆွဲရန် အစီအစဉ် မရှိသေးကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားသည်။
ဇူလိုင် ၉ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဇမ္ဗူသီရိ မဲဆန္ဒနယ် မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအရ တစ်နှစ်လျှင် အရေးယူခဲ့သည့် မှုခင်းအရေအတွက်၊ အရေးယူခံရသည့် အမျိုးသမီးငယ်များအား ကျန်းမာရေး၊ လူမှုရေးရှုထောင့်မှ ကူညီထားခြင်းနှင့် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက် ဥပဒေ ပြန်လည်ပြင်ဆင် ရေးဆွဲရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့သည်။
မေးမြန်းရာတွင် ဒေါ်စန္ဒာမင်းက ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် ပြည့်တန်ဆာ အလုပ်အား လုပ်ကိုင်နေရသူများလည်း ရှိကြောင်း၊ ဖမ်းဆီးခံရပါကလည်း HIV/AIDS ကဲ့သို့သော ရောဂါ များအား အလုံအလောက် ကုသခံရမှု မရှိကြောင်း (အင်းစိန်ထောင်တွင် နှစ်ရက်လျှင် တစ်ဦးနှုန်း သေဆုံး မှုရှိနေပြီး ရောဂါရှိသူများ အနေဖြင့် ဆေးဝါးကုသခွင့် အလုံအလောက် ရရှိမှု မရှိသည်ကို အင်းစိန်ထောင် တွင် တွေ့ခဲ့ရကြောင်း)၊ ပြည့်တန်ဆာလုပ်ကိုင်၍ အရေးယူခံရသည့် အခါတွင်လည်း လိင်ရောင်းစားသည့် အမျိုးသမီးများသာ ပြစ်ဒဏ်ခံရပြီး လိင်ဝယ်ယူသူ အမျိုးသားများမှာ ပြစ်ဒဏ်ခံရမှု မရှိကြောင်း၊ ထို့အတွက်  ၁၉၄၉  ခုနှစ်ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေကို ပြင်ဆင်ရန် အစီအစဉ် ရှိမရှိ သိ လိုကြောင်း မေးမြန်း ခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှုအရ လူမှုရေး နယ်ပယ်တွင် ပြည့်တန်ဆာအဖြစ် အသက်မွေး ၀မ်းကျောင်းခြင်းကို လက်ခံနိုင်ခြင်း မရှိသည့်အတွက် ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ၁၉၄၉ ခုနှစ် ပြည့် တန်ဆာနှိပ် ကွပ်ရေး အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့်လည်း ရာဇ၀တ်ပြစ်မှုများ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် ပြည့်တန်ဆာ လုပ်ငန်းများကို ဖမ်းဆီးအရေးယူ ခဲ့ခြင်းဖြစ်ကြောင်း  ဒုတိယ၀န်ကြီးက ပြောကြားသည်။
ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင် ရှားပါးမှု ပြဿနာများသည် ပြည့်တန်ဆာ တိုးပွားစေသည့် အကြောင်း အရင်းများ ဖြစ်သည်ဟု ဆိုနိုင်သော်လည်း ကိုယ်ကျင့်တရားအပေါ် တန်ဖိုးထားမှု စံနှုန်း လျော့ ပါးခြင်း၊ အလွယ်တကူ ငွေရလိုသောကြောင့် ပြည့်တန်ဆာ လုပ်ငန်းကို ရွေးချယ်ကြသူ များလည်း ရှိကြောင်း ဒုတိယ၀န်ကြီးက ဆိုသည်။ ပြည့်တန်ဆာ ဖမ်းဆီးအရေးယူမှု၌ ၂၀၁၁ ခုနှစ်တွင် ၁၉၅၆ မှု၊ ၂၀၁၂ ခုနှစ်တွင် ၃၂၂၆ မှုနှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ မေအထိ ၆၄၀ မှု ရှိခဲ့သည်။

From...EMG

No comments:

Post a Comment