Wednesday 10 July 2013

တိုင်းဒေသကြီးသုံးခုမှ လယ်သမား ၂၀၀ ခန့် လယ်ယာမြေ မူလပိုင်ဆိုင်မှု နစ်နာဆုံးရှုံးမှုများအတွက် ရန်ကုန်တွင် ဆန္ဒပြ

yangonwish-july10
လယ်သမားများ ဆန္ဒပြနေသည်ကို ဇူလိုင် ၉ ရက် နံနက်က မဟာဗန္ဓုလ ပန်းခြံရှေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)
တပ်မတော်၊ တိုင်းဒေသကြီး အစိုးရနှင့် ၀န်ကြီးဌာနအချို့က သိမ်းယူထားသော လယ်မြေများနှင့် ပတ်သက်၍ တိုင်းဒေသကြီး ဒေသသုံးခုမှ လယ်သမား ၂၀၀ ခန့်သည် ၎င်းတို့၏ လယ်ယာမြေ မူလပိုင်
ဆိုင်မှုများ၊ နစ်နာဆုံးရှုံးမှုများအပေါ် ဇူလိုင် ၉ ရက်၊ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြမှုတွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး မော်ကျွန်းမြို့နယ်၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တို့မှ လယ်သမားများ ပူးပေါင်းပါဝင်ခဲ့ကြပြီး ယခုဆန္ဒပြမှုသည် သက်ဆိုင်ရာ၏ ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
ဒလမြို့နယ်၊ ခနောင်ကျေးရွာမှ လယ်သိမ်းဆည်းခံ လယ်သမား ဦးကြည်စိုးက "ကျွန်တော်တို့ လယ်တွေ ကို ဧရာဝတီ ရေတပ်ဌာနချုပ်က စီမံကိန်းဆိုပြီး သိမ်းထားတာပါ။ စီမံကိန်းနဲ့ ပတ်သက်ပြီး လုပ်တာဆိုလို့ အခုခြံစည်းရိုး ခတ်တာလောက်ပဲ ရှိပါတယ်။ သူတို့သိမ်းထားတာက အနှစ် ၂၀ လောက် ရှိသွားပါပြီ။ အရင်က သီးစားချပေးခဲ့ပေမယ့် အခုထွန်ယက်စိုက်ပျိုး တာတွေကို ခွင့်မပြုဘဲ ဖျက်ဆီး တာတွေ ပြုလုပ် လာတယ်" ဟု ယင်းဆန္ဒပြပွဲတွင် ပြောကြားသည်။
ထို့ပြင် ယင်းဆန္ဒပြပွဲတွင် ပါဝင်သည့် တွံတေးမြို့နယ်၊ ထော်ကူးမှ လယ်သမားများကလည်း "အာဏာ လည်းမရှိ၊ ငွေလည်းမချမ်းသာ၊ တရားဥပဒေလည်း နားမလည်၊ ကိုယ့်နာမည်တောင် ကိုယ်မရေးတတ်တဲ့ ကျွန်တော်/ကျွန်မတို့အပေါ် အာဏာရှိ၊ ငွေချမ်းသာ၊ တရားဥပဒေလည်း နားလည်တဲ့ လူတွေက လိမ်လည် လှည့်စား အနိုင်ကျင့်ယူခဲ့တဲ့ လယ်ယာမြေတွေကို အမြန်ဆုံး စစ်ဆေးဖော်ထုတ်ပေးပါ" ဟု စာတန်းပါ ရှိသည့် ပိုစတာဗီနိုင်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
တွံတေးမြို့နယ်၊ ထော်ကူးမှ လယ်သမား ဦးမြင့်စိန်ကလည်း "ကျွန်တော်တို့ လယ်သမားတွေရဲ့ ၈၁၄ ဧကကို ၁၉၉၂ ခုနှစ်က တပ်မတော်၊ ဌာနဆိုင်ရာတွေနဲ့ ငွေရှင်ကြေးရှင်တွေရဲ့ သိမ်းဆည်းမှုကို ခံခဲ့ရပါ တယ်" ဟု ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှ လယ်သမားများနှင့် ဥယျာဉ်ခြံမြေ သမားအချို့တို့ကလည်း ပဲခူး တိုင်းဒေသ ကြီးတွင် ဆန္ဒပြခွင့် မရသဖြင့် ရန်ကုန်မြို့တွင် ယခုလို ပူးပေါင်းပါဝင် ဆန္ဒပြရခြင်း ဖြစ် သည်ဟု ပြော ကြားသည်။
"ကျွန်တော်တို့က ပဲခူးမြို့မှာ လယ်သိမ်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြဖို့ စာတင်တာကို လုံးဝခွင့်ပြုချက် မရပါဘူး။ ကျွန်တော်တို့က ဘယ်သူသိမ်းတာလဲမေးရင် တိုင်းဒေသကြီး အစိုးရက သိမ်းတာလို့ပဲ သိရတယ်။ တက္ကသိုလ်တိုးချဲ့ စီမံကိန်းဆိုပြီး သိမ်းသွားတဲ့တွေဆိုလည်း လက်ရှိခြံခတ် ထားတာလောက်ပဲ ရှိတယ်။ ဘာမှမလုပ်သေးဘူး။ တကယ် စီမံကိန်းလုပ်ရင် ကျွန်တော်တို့ အနေနဲ့ ပြောစရာ မရှိပါဘူး" ဟု ပြောကြားသည်။ ထို့အပြင် တာဝန်ကျေစပါး မပေးသွင်းနိုင်၍ လယ် ၁၀ ဧက အသိမ်းခံခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီး မော်ကျွန်းမြို့မှ လယ်သမား တစ်ဦးကလည်း "ကျွန်တော့်လယ်ကို တာဝန်ကျေ စပါး မသွင်းလို့ဆိုပြီး သိမ်းထားပါတယ်။ စသိမ်းတုန်းက တစ်နှစ်ပဲလို့ပြောပြီး အခု အနှစ် ၂၀ လောက်ရှိ သွားပြီ။ ပြန်မရတော့ဘူး။ မော်ကျွန်းမြို့နယ် အုပ်ချုပ်ရေးပိုင်းတွေက လယ်သမားတွေကို ဖိနှိပ် ချုပ်ချယ်မှုတွေ လုပ်နေပါတယ်" ဟု ဆိုသည်။

From...EMG

No comments:

Post a Comment