Wednesday 10 July 2013

နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၇၆၀ နီးပါး ရှိလာပြီး ပို့ကုန်တင်ပို့မှု များပြား

trading-july10
မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန် လမ်းကြောင်းရှိ ကားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ကုန်သွယ်မှု ပမာဏမှာ ဇွန်လလယ်အထိ အမေရိကန်ဒေါ် လာသန်း ၇၆၀ နီးပါး ရှိလာပြီး သွင်းကုန်ထက် ပို့ကုန်တင်ပို့မှုများ ပြားခဲ့ကြောင်း ကူးသန်းရောင်း ၀ယ်ရေးနှင့် စားသုံးသူရေး ရာ ဦးစီးဌာနမှ သတင်းရရှိသည်။

မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုက်တီး၊ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ် အစရှိသည့် နယ်စပ်စခန်းများမှ တစ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှု ပြုလုပ်ရာတွင် မြန်မာနိုင်ငံမှ ပို့ကုန်များအဖြစ် လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန် ထွက်၊ ရေ ထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားကုန်ပစ္စည်းများကို တင်ပို့နေခြင်းဖြစ်ပြီး သွင်းကုန်အနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံး ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်း များ၊ လူသုံးကုန်များကို တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်စခန်းများမှ ၂၀၁၃ ခုနှစ် ဇွန်လလယ်အထိ ပို့ကုန်တင်ပို့မှုမှ ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၃၈၅ ဒသမ ၅၀၇ သန်းဖြစ်ပြီး သွင်းကုန်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၃၇၃ ဒသမ ၈၄၈ သန်း ဖြစ်သဖြင့် ပို့ကုန်မှ ရရှိငွေမှာ သွင်းကုန်ထက် ပိုမိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်မှု ပြုရာတွင် နယ်စပ်စခန်းများအနက် ကုန်သွယ်မှု ပမာဏ အများဆုံးမှာ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်ပြီး အဆိုပါစခန်း တစ်ခုတည်းမှ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရှိပြီး ဒုတိယအများဆုံး ကုန်သွယ်နိုင်သည့် နယ်စပ်စခန်းမှာ မြ၀တီဖြစ်ကာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော်ရှိကြောင်း သိရသည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်၊ ဇွန်လလယ်အထိ လယ်ယာထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၇၄ သန်းကျော်၊ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၂၃ သန်း၊ ရေထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၅ သန်းကျော်၊ သတ္တုတွင်းထွက် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်၊ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုံးသန်းကျော်၊ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်၊ အခြားထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃ သန်းကျော် အသီးသီး ရရှိခဲ့ပြီး မြန်မာ့ထွက်ကုန်များ ပြည်ပတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈၅ ဒသမ ၅၀၇ သန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
EMG

No comments:

Post a Comment