Monday 29 July 2013

ယခင်အစိုးရ လက်ထက်က ပွင့်လင်းမြင်သာမှု မရှိဘဲ သဘောတူညီ တည်ဆောက် ခဲ့သော မြန်မာ-တရုတ် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စတင်ဖွင့်လှစ်

7.28.20
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် တာဝန်ရှိသူများမှ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းအား ဖွင့်လှစ်ပေးနေစဉ်
ယခင်အစိုးရ လက်ထက်က ပွင့်လင်းမြင်သာမှု မရှိဘဲ တရုတ်နိုင်ငံနှင့် ချုပ်ဆိုထားသည့် စာချုပ်ထားမှုတွင် တစ်ခုအပါအ၀င် ဖြစ်သည့် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ဇူလိုင်လ ၂၈ ရက်က မန္တလေးမြို့ အမရပူရမြို့နယ် အတွင်းရှိ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေး ဌာနတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
''ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကနေ တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ် ချက်တွေကို ဖြည့်ဆည်းပေး သွား နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်မှု လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွေကို ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းက ထွက်ရှိတဲ့ ဓာတ်ငွေ့တွေကို အသုံးပြုသွား နိုင်ဖို့ အတွက် အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမေရိ ကန်ဒေါ်လာ ၁၄ ဒသမ ၂ သန်း ထောက်ပံ့ပေးတဲ့ အတွက် SEAGP ကိုလည်း ကျေးဇူးတင်ပါတယ်'' ဟု ဒုသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားခဲ့သည်။

ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို ၂၀၁၀ ပြည့်နှစ်က စတင် အကောင်အထည် ဖော်ခဲ့ပြီး ယခု ၂၀၁၃ ခုနှစ် မေလအတွင်း၌ ပြီးဆုံး ခဲ့သည်။ ထိုစီမံကိန်းကို မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား စသည့် နိုင် ငံပေါင်း လေးနိုင်ငံမှ ကုမ္ပဏီပေါင်း ခြောက်ခုတို့က တာဝန်ယူ တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။ ရွှေသဘာဝ ဓာတ်ငွေ့မှ ထွက်ရှိလာသည့် သဘာဝ ဓာတ်ငွေ့ များမှ ရာခိုင်နှုန်း ၂၀ သာ မြန်မာနိုင်ငံမှ ရရှိမည်ဖြစ်ပြီး ပိုက်လိုင်းဖြတ်သန်းခ အဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်ဖြစ်ကာ နှစ် ၃၀ ဖြတ်သန်းခ ရရှိမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၉ ရက်က အမျိုးသား လွှတ်တော်၌ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၏ ရှင်းလင်းမှုတွင် မြန်မာ-တရုတ် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း တည်ဆောက်ရခြင်းမှာ နှစ်နိုင်ငံချစ်ကြည်ရေး၊ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ ဒေသ တွင်း စွမ်းအင်လုံခြုံမှု ရှိရေးတို့ကိုရည်ရွယ်ပြီး တည်ဆောက်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

သို့သော်လည်း ပိုက်လိုင်းတည်ဆောက်စဉ်က ပိုက်လိုင်း ဧရိယာအတွင်း ကျရောက်နေသော မြေယာများ အတွက် လျော်ကြေးငွေ အပြည့်အ၀ မရရှိမှုများရှိခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းမှာလည်း မြန်မာနိုင်ငံ သားများကို ခန့်အပ်ခြင်းထက် တရုတ်နိုင်ငံမှ အလုပ်သမားများကိုသာ ခန့်အပ်ခဲ့သည်။ ထို့ပြင် ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား အကြီးအကျယ် လိုအပ်နေချိန်တွင် ယခုကဲ့သို့ ဈေးပေါပေါဖြင့် တရုတ်နိုင်ငံသို့ ရောင်းချ ခဲ့ခြင်း အပေါ် ပြည်သူများက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment