Monday 29 July 2013

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး သံသယရှိသည့် ဗြိတိန်နိုင်ငံအောက်လွှတ်တော် ဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ တစ်ပတ်ကြာလာရောက်မည်

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ လူအခွင့်အရေးနှင့် ပတ်သက်ပြီး သံသယရှိသည့် ဗြိတိန်နိုင်ငံ အောက် လွှတ်တော်ဥက္ကဋ္ဌ Mr.John Bercow ခေါင်ဆောင်းသော ကိုယ်စားလှယ် အဖွဲ့သည် တစ်ပတ်ကြာ လာရောက် မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းသို့ လာရောက်မှုမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ပြီး ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက်ထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံသို့ သွားရောက်ခဲ့သည့် သမ္မတဦးသိန်းစိန်သည် ဇူလိုင် ၁၆ ရက်က ဗြိတိသျှပါလီမန်သို့ သွားရောက်ကာ အောက်လွှတ်တော် ဥက္ကဋ္ဌ The Rt Hon John Bercow နှင့်တွေ့ဆုံပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ လူ့အခွင့်အရေးကိစ္စ၊ မြန်မာ့လူ့ အဖွဲ့အစည်းအတွင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးနှင့် ရခိုင်ပြည်နယ် တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် အခြေခံ ဥပဒေဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေများကို နိုင်ငံတကာမှ လက်ခံထားပြီး ဖြစ်သော်လည်း ဗြိတိန်နိုင်ငံ မှ အောက်လွှတ်တော်ဥက္ကဋ္ဌ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် အချို့မှာ သံသယများ ရှိနေသေးသည်ကို တွေ့ရှိခဲ့ရသည်ဟု သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဇူလိုင် ၂၀ ရက်တွင် ပြောကြားသည်။

''ဗြိတိန်နိုင်ငံမှာဆိုရင် လွှတ်တော်ကိုယ်စားလှယ် အချို့ဟာ မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ် သက်ပြီး သံသယ ရှိတာတွေရှိတယ်။ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး သံသယရှိနေတာတွေ ရှိတယ်။ ဒီလိုလူတွေကို တွေ့ဆုံပြီး အခြေအနေ မှန်တွေကို ရှင်းပြနိုင်ခဲ့တယ်။ ဥပမာ ဗြိတိန်နိုင် ငံ အောက်လွှတ်တော် အမတ်ဆိုရင် မြန်မာနိုင်ငံကို တစ်ခါမှ မရောက်ဖူးဘူး။ ထိုင်းနယ်စပ်လောက် ပဲ ရောက်ဖူးပြီးတော့ အဲဒီကရတဲ့ သတင်းတွေလောက်နဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု မရှိဘူးဆိုပြီး ပြောနေတာရှိတယ်'' ဦးရဲထွဋ်က ပြောကြားခဲ့သည်။

ဗြိတိန်အောက်လွှတ်တော် အမတ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၌ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကိစ္စများ၊ လူအခွင့်အရေးနှင့် ပတ်သက်ပြီး အဓိကထား လာရောက် လေ့လာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
Eleven Media Group

No comments:

Post a Comment