Monday 22 July 2013

နောက်ပိုင်းငြိမ်း ချမ်းရေး ကိစ္စများ ဆောင်ရွက်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမည်

နောက်ပိုင်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ကိစ္စများ ဆောင်ရွက်ရာ တွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ ဇူလိုင် ၂၁ ရက်က Myanmar
Peace Center ၌ ကျင်းပခဲ့သော လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ် ငန်းကော် မတီ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ဦးအောင်မင်းက သတင်းထောက်များ ကို ပြောကြားခဲ့ခြင်း ဖြစ် သည်။

"တကယ်တော့ Political Dialogue ဆိုတဲ့ နိုင်ငံရေးဆွေးနွေးပွဲ တက်တဲ့အခါ အဲဒီမှာ ကော်မတီတွေ ပါမယ်။ ဦးသိန်းဇော် ကော်မတီ၊ ဦးအောင်ကို ကော်မတီ၊ ဦးဌေးဦး ကော်မတီတွေပေါ့။ အဲဒီကော်မတီမှာမှ Rule of law က ဒေါ်အောင်ဆန်းစုကြည် လုပ်ထားတဲ့ ကော်မတီဖြစ်တယ်။ Rule of law ကလည်း ပါသင့်တာပေါ့။ နယ်မြေဒေသတွေမှာ တရားဥပဒေ စိုးမိုးမှုဖြစ်မှပဲ တိုင်းရင်းသားတွေအားလုံး ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးက ပိုပြီးခိုင်မာလာမှာပေါ့။ အဲဒီတော့ ဒေါ်စုလည်း ပါမှာပဲ။ ဒီနေ့လည်း အစည်းအဝေး လာတက်ပြီပဲ။ နောက်ပိုင်းကာလတွေမှာ ဒီလိုပဲ ပူးပေါင်းဆောင် ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဦးအောင်မင်းက ပြောကြားသည်။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး မရှိဘဲ ငြိမ်းချမ်းရေး မရနိုင်သည့်အတွက် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် လိုအပ်ပြီး ငြိမ်းချမ်းရေးရရှိအောင် အားလုံးပူးပေါင်း လုပ်ကြရမည်ဖြစ်သည် ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် က ပြော ကြားသည်။ တိုင်းရင်းသားများ၏ လိုလားမှုကြောင့် ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး ကော် မတီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်စေလိုကြောင်း ဇူလိုင် ၁၈ ရက်က ပြည်သူ့လွှတ်တော် တွင် ပြုလုပ်သော မြန်မာဂျာနယ်လစ် ကွန်ရက်အဖွဲ့ဝင်များနှင့် သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေတို့ တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် ရှမ်းပြည်နယ် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့၏ ဇူလိုင် ၁၇ ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင်လည်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ နိုင်ငံရေးဆွေးနွေးပွဲ များတွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အဓိကခေါင်းဆောင်များ တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
Eleven Media Group

No comments:

Post a Comment