Wednesday 12 June 2013

ဇွန် ၁၆ ရက်တွင် ပြုလုပ်မည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် ကျန်ရှိနိုင်ငံရေး အကျဉ်းသားများစာရင်း နိုင်ငံတော် သမ္မတထံတင်ပြမည်

လေးကြိမ်မြောက် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးကို ဇွန် ၁၆ ရက်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီ လမ်းရှိ Myanmar Peace Center တွင် ပြုလုပ်သွား မည် ဖြစ်ကြောင်း ကော်မတီ အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ပြောကြား သည်။

အဆိုပါ အစည်းအဝေးတွင် ကော်မတီ အဖွဲ့ဝင်များ စိစစ်ထားသည့် ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ စာရင်းအား နိုင်ငံတော် သမ္မတထံသို့ တင်ပြသွားနိုင်ဖွယ် ရှိကြောင်း  ဦးရဲအောင်က ပြောကြားသည်။

"လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ အစည်းအဝေးကို ဇွန် ၁၆ ရက်မှာ ကျင်းပသွားမှာပါ။ ဒီတစ်ခေါက် ဆွေးနွေးပွဲ မှာတော့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စတော်တော် များများကို ဆုံးဖြတ်ဖြစ်မယ်လို့ ထင်ပါတယ်" ဟု ဦးရဲအောင် က ပြောကြားသည်။

"အဓိကကတော့ နိုင်ငံတော် သမ္မတကလည်း မိန့်ခွန်းပြောသွား တယ်။ နိုင်ငံရေး အကျဉ်းသားတွေ တစ်ယောက်မှ မရှိစေချင်ဘူး။ အရင်အစည်းအဝေး တွေမှာတော့ လူစာရင်း တင်ပြတာတွေ တခြား ကိစ္စတွေ ဆွေးနွေးတာတွေနဲ့ပဲ လိုရင်းမရောက်ခဲ့ဘူး။ ဒီတစ်ကြိမ်မှာတော့ ဘယ်သူတွေကတော့ နိုင်ငံရေး အကျဉ်းသား ဖြစ်ပါ တယ် ဆိုတာကို တင်ပြမယ်လို့ ထင်ပါတယ်။ ဒီဆွေးနွေးပွဲမှာ နိုင်ငံရေး အကျဉ်းသား စာရင်းကို နိုင်ငံတော် သမ္မတဆီ အကုန်လုံး မဟုတ်တောင် တော်တော်များများ တင်ပြပေးမယ်လို့ ထင်ပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP)၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်တို့ စုပေါင်းကောက်ယူ ထားသည့် နိုင်ငံရေးနှင့် ပတ်သက်ဆက်နွှယ်ပြီး အကျဉ်းကျနေသော အကျဉ်းသားပေါင်း ၁၆၀ ၀န်းကျင် ရှိကြောင်းသိရသည်။
EMG

No comments:

Post a Comment