Saturday 1 June 2013

နွား အကောင် လိုက် မှောင်ခို တင်ပို့မှု များပြားနေ

Photo: နွားအကောင်လိုက် မှောင်ခိုတင်ပို့မှု များပြားနေ
Saturday, June 01, 2013

နယ်စပ်ဒေသများတွင် တရားမ၀င် နွားမှောင်ခို သယ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး တရုတ်နိုင်ငံမှ အေးခဲအမဲသား ၀ယ်ယူမှု ရပ်နားထားပြီးနောက်ပိုင်း နွားအကောင်လိုက် မှောင်ခို တင်ပို့မှု များနေကြောင်း သတင်းရရှိသည်။

နယ်စပ်ဒေသများတွင် တရားမ၀င် နယ်ကျော်နွားများ ဖမ်းဆီးရမိမှု ဆက်တိုက်လိုလို ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ အကြံပေး ဒေါက်တာသန်းလှက ''နွားနဲ့ပတ်သက်လို့ နယ်စပ်ကုန်သွယ်တင်ပို့မှုက တစ်ခန်းရပ်သွားပြီ။ ကျွန်တော်တို့ဆီမှာ ဥပဒေက နွားကို အသက်အရွယ် အကန့်အသတ်နဲ့ သတ်ရမယ့် ဥပဒေတွေ ရှိနေတယ်။ နည်းနည်းတော့ ဂွကျတယ်။ မှောင်ခိုတွေကလည်း အလုံးအရင်းနဲ့ သွားနေတယ်။ export အတွက်တောင် တော်တော် နည်းနေတယ်'' ဟု ပြောသည်။

နယ်စပ်ဒေသမှများမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ နွား၊ ကျွဲ၊ ဆိတ်များကို တရားမ၀င် မှောင်ခိုတင်ပို့ နေမှုများကြောင့် ပြည်တွင်းတွင် အသားနှင့် ခိုင်းနွားများ ရှားပါးလာမှုများနှင့် ကြုံနေမှုများ ရှိလာကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ အေးခဲ အမဲသားဝယ်ယူမှု ရပ်တန့်ထားပြီး နောက်ပိုင်းတွင် နယ်စပ်ဒေသများမှတစ်ဆင့် တရုတ်နိုင်ငံသို့ နွားအကောင်အလိုက် မှောင်ခိုတင်ပို့မှုများ များပြားလာကြောင်း သတင်းရရှိသည်။

တချို့သားသတ်လိုင်စင် ရရှိထားသူများသည် လိုင်စင်စီ အခွင့်အရေးကို အသုံးချကာ ကျွဲ၊ နွား၊ တိရစ္ဆာန်များကို ခွင့်ပြုအကောင်ရေထက် ပိုမိုစုဆောင်း သတ်ဖြတ်နေခြင်း၊ တရားမ၀င် သယ်ဆောင်ခြင်း၊ မှောင်ခိုရောင်းဝယ်မှုများ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လယ်ယာစိုက်ပျိုးရေ ကဏ္ဍတွင် စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲနေသော်လည်း လက်ရှိအချိန်အထိ နယ်မြေဒေသ အတော်တော်များများတွင် ကျွဲ၊ နွားများကိုသာ လယ်ယာစိုက်ပျိုးရေး အတွက် အဓိက အားထားနေရပြီး လုပ်ကိုင်နေရသောကြောင့် ကျွဲ၊ နွားတိရစ္ဆာန်များကို မှောင်ခိုရောင်းဝယ်မှုများ မဖြစ်ရန် ထိန်းသိမ်းကာကွယ် သင့်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

EMG
မေလအတွင်းက ကျင်းပခဲ့သည့် ဥက္ကံမြို့ နွားပွဲဈေးအား တွေ့ရစဉ်(ဓာတ်ပုံ - အောင်ရဲကို)

No comments:

Post a Comment