Saturday 1 June 2013

သီလဝါ စီမံကိန်းတည်ဆောက်မှုနှင့် လျော်ကြေးကိစ္စ ဒေသခံများကို ရှင်းမည်

သီလဝါ စီမံကိန်းတည်ဆောက်မှုနှင့် လျော်ကြေးကိစ္စ ဒေသခံများကို ရှင်းမည်






သီလဝါအထူး စီးပွားရေးဇုန်စီမံကိန်း ပထမအဆင့်တည်ဆောက်မှု အချက်အလက်နှင့် ယင်းနယ်မြေ ဧရိယာ အတွင်းရှိ ဒေသခံများအတွက် နစ်နာကြေးတွက်ချက်မှုပုံစံတို့ကို ဇွန်လ ဒုတိယ ပတ်အတွင်း ဒေသခံများနှင့် တွေ့ဆုံ ရှင်းလင်းမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က The Voice သို့ ပြောကြားသည်။ ဟက်တာ ၄၀၀ ခန့် ကျယ်ဝန်းသော ယင်းစီမံကိန်း ပထမအဆင့် တည်ဆောက်မည့် မြေနေရာကို မေလ ၁၉ ရက်နေ့က သီလဝါ ဒေသခံများနှင့် အတူ မြေကွက်ရိုက် သတ်မှတ်ပြီး ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ရှင်းပြသည်။


ယင်းစီမံကိန်း ပထမအဆင့် နယ်မြေတွင် စိုက်ပျိုး ဆဲလယ်ဧက ၂၀၀ ခန့်နှင့် လယ်တဲ ၅၀ မှ ၁၀၀ ဝန်းကျင်ရှိပြီး ယင်း ဒေသခံတို့ကို နစ်နာမှု လျော်ကြေးပေးနိုင်ရန် အသေးစိတ် စာရင်းကောက်လျက် ရှိကြောင်း ၄င်းကဆိုသည်။ အမှန်တကယ် ထိခိုက်နစ်နာသူများကို လျော်ကြေးပေးရာတွင် နစ်နာမှုမရှိစေ ရန်နှင့် စီမံကိန်းကြောင့် လျော်ကြေးငွေ ရလိုမှုဖြင့် အခြေချနေထိုင်သော သူများ မပါဝင်စေရန် အသေးစိတ် အချက်အလက်များ ကောက်ခံလျက်ရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းဖော်ဆောင်ရေး စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။ စီမံကိန်းပထမအဆင့်တွင် မြန်မာ- ဂျပန် နှစ်နိုင်ငံကုမ္ပဏီများသာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဖြစ်ပြီး ယင်းစီမံကိန်းဖော် ဆောင်ရေး အတွက် မြန်မာဘက်မှ သီလဝါအများပိုင် ကုမ္ပဏီနှင့် ဂျပန်ဘက်မှ မစ်ဆူဘီရှီ၊ ဆူမီတိုမိုနှင့် မာရူဘီနီကော်ပိုရေးရှင်း သုံးခုပေါင်း၍ မေလ ၂၅ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးပြီးဖြစ်သည်။

စီမံကိန်း ဒုတိယအဆင့်တွင်မူ အထူးစီးပွားရေးဇုန် လုပ်ငန်းအတွေ့အကြုံရှိသော နိုင်ငံတကာ ကုမ္ပဏီများကို သတ်မှတ်ချက် နှင့်အညီ ရွေးချယ် ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဦးဆက်အောင်က ဆိုသည်။ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း တည်ဆောက်မှုကို ၂၀၁၃ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် စတင်မည်ဖြစ်ကာ ယင်းစီမံကိန်း တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကုန်ကျ မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းများ စတင်နိုင်မည်ဖြစ်သည်။ စီမံကိန်းပထမအဆင့် တည်ဆောက်ရာတွင် လိုအပ်ချက် အရ စီမံကိန်းဇုန်ပြင်ပ အခြေခံအဆောက်အဦများ ဖြစ်သော လျှပ်စစ် ဓာတ်အားပေး စက်ရုံတစ်ခုနှင့် ဆိပ်ကမ်းတစ်ခု ထပ်မံတည်ဆောက်သွားမည် ဖြစ်ပြီး ဂျပန်ချေးငွေယန်း ၂၀ ဘီလီယံကို ယင်း တည်ဆောက်ရေး အတွက် သုံးစွဲသွားမည် ဖြစ်ကြောင်း ဦးဆက်အောင်က ပြောကြားသည်။

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး အထူးစီးပွားရေးဇုန် ဖြစ်ပြီး စီမံကိန်းအောင်မြင်နိုင်ရေး နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်း လုပ်ဆောင်သည့်အပြင် လူ့စွမ်းအားရင်းမြစ်နှင့် နည်းပညာပိုင်း သင်တန်းများကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်းလုပ် ဆောင်ရန်စီစဉ်လျက် ရှိကြောင်း မေလ ၂၅ ရက်နေ့က သီလဝါဆိပ်ကမ်း (MITT) တွင် ၄င်းက ပြောဆိုသည်။ စီးပွားရေးဖွံ ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်ရန် ပို့ကုန်ဦးစားပေး အထူးစီးပွားရေးဇုန် သုံးခုကို အစိုးရချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ သီလဝါစီမံကိန်းကို မြန်မာ-ဂျပန် ၊ ထားဝယ်စီမံကိန်း ကို မြန်မာ-ထိုင်း နှင့် ကျောက်ဖြူစီမံကိန်းကို မြန်မာ-တရုတ် အစိုးရချင်း ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
TheVoice

No comments:

Post a Comment