Saturday, 11 May 2013

အပူပိုင်းမုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်၏ ဗဟိုချက်တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅၀ မှ ၆၀ အထိ ရှိနေ ဆိုင်ကလုန်းမုန်တိုင်း မဟာစင်၏ဗဟိုချက်တွင် လေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၆၀ အကြား ရှိနေကြောင်း သတင်းရရှိပါသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မေလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ကော့သောင်းမြို့၏ အaနာက်တောင်ဘက် မိုင် ၅၃၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

မုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး မုန်တိုင်း၏ ဗဟိုချက်တွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅၀ မှ ၆၀ အကြား ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။

မုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် ရှိခဲ့ရာမှ မေလ ၁၀ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ယင်းအပူပိုင်း မုန်တိုင်းသည် ပိုမိုအားကောင်းလာခဲ့ကာ မေလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် အမည်ပေး မုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့ပြီး မုန်တိုင်းအမည်မှာ မဟာစင်ဖြစ်သည်။ မဟာစင်ဟူသော အမည်ကို သီရိလင်္ကာနိုင်ငံက ပေးထားခြင်း ဖြစ်သည်။

လက်ရှိကာလသည် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်ပါက သက်ရောက်မှုကို မြန်မာနိုင်ငံ အနေဖြင့် သတိပြုရလေ့ရှိသည့် မိုးကြိုကာလလည်း ဖြစ်သည်။ အထူးသဖြင့် မေလအတွင်း မုန်တိုင်းဖြစ်ပေါ်ပါက ပိုမိုသတိပြုရလေ့ ရှိသည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ မုန်တိုင်း ငါးနှစ်ဆက်တိုက် သက်ရောက်သောနိုင်ငံ ဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မာလာ၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီ၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိတို့ ဖြစ်သည်။ ယင်းအနက် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အသေအပျောက် အများဆုံးနှင့် ပျက်စီးရှုံးမှု အများဆုံးဖြစ်ကာ ကမ္ဘာပေါ်တွင် ဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့သော သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင်လည်း ပါဝင်လာခဲ့သည်။

From....Eleven

No comments:

Post a Comment