Thursday 16 May 2013

မုန်တိုင်းသတိပေးချက်၊ ၂၀၁၃ခုနှစ်၊ မေလ(၁၆)ရက်နေ့မြန်မာစံတော်ချိန်(၀၆း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင် (MAHASEN)သည် အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ၊မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်တောင်ဘက် မိုင်(၁၆၀)ခန့်၊ စစ်တွေမြို့၏ အနောက်ဘက် မိုင်(၁၈၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့၏ အရှေ့ တောင်ဘက် မိုင်(၁၆၀)ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင်(၁၈၀)ခန်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့နှင့် မြန်မာနိုင်ငံ ၊မောင်တောမြို့အကြားမှ ကမ်းခြေကို နောက်(၁၂)နာရီ အတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟုခန့်မှန်းရပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အနီရောင် အရေးပေါ် အခြေအနေသို့ ရောက်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်သို့ ဦးတည်ရွေ့လျားလျက်ရှိသည့် အခြေအနေ ဖြစ်ပါသည်။

ဆိုင်ကလုန်း မုန်တိုင်းမဟာစင် (MAHASEN)သည် ကမ်းခြေသို့ ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၆၀)မှ မိုင်(၇၀)အထိ တိုက်ခတ်နိုင်ပြီး မုန်တိုင်းကြောင့် မြင့် တက်နိုင်သော ရေလှိုင်း အမြင့်မှာ မောင်တောမြို့နယ်ကမ်းခြေတွင် (၈)ပေမှ(၁၀)ပေခန့်၊ စစ်တွေခရိုင် ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့် ကျောက်ဖြူခရိုင် ကမ်းခြေတွင် (၄)ပေမှ(၆)ပေခန့် မြင့်တက်နိုင်ပါသည်။

ထို့အပြင်မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှု ကြောင့်မြေပြိုခြင်း ၊တောင်ကျရေများ ကြောင့် လျှပ်တစ်ပြက် ရေကြီးခြင်း အန္တရာယ်များကိုသတိပြုရှောင်ရှားသင့်ပါသည်။

အဆိုပါဆိုင်ကလုန်း မုန်တိုင်းအရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်မကြာခဏမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းကြီးမည်။မိုးသက်လေပြင်း ကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်သည့်အတွက် ပင်လယ်မှ ငါးဖမ်းထွက်သည့်ငါးဖမ်းရေယာဉ်များ၊သင်္ဘောများ၊မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင် ရှားကြပါရန် အကြံပြုအပ်ပါသည်။

မိုးဇလ
From...DVB TV News

No comments:

Post a Comment