Friday 29 March 2013

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို လူတစ်စုက ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေချိန်တွင် ဘာသာကြီး လေးခုမှ ဘာသာဝင်တိုင်းက တစ်ဦးကိုတစ်ဦး သံသယမ၀င်ပဲ မေတ္တာထားကြရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင် အပါအ၀င် ဘာသာလေးခု ချစ်ကြည်ရေး အဖွဲ့အစည်းမှ တိုက်တွန်း




3.28.2
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော လူမျိုးရေးဘာသာရေး ပဋိပက္ခအသွင်ဆောင်ကာ ကြိုးပမ်းနေသော အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ အကြမ်းဖက်လူတစ်စုက ရည်ရွယ်ချက် ရှိရှိ ဆောင် ရွက်နေချိန်တွင် ဘာသာကြီးလေးဘာသာမှ ဘာသာဝင်တိုင်းက တစ်ဦးကိုတစ်ဦး သံသယ မ၀င်ပဲ မေတ္တာ ထားကြရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်အပါအ၀င် ဘာသာလေးခု ချစ်ကြည်ရေး အဖွဲ့အစည်း မှ ခေါင်းဆောင်များနှင့် လူငယ်များက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပြောဆိုမှုကို မတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ဗိုလ်တစ်ထောင်မြို့နယ်ရှိ ၀ိုင်အမ်စီအေ ခန်းမတွင် ကျင်းပသော မြန်မာပြည်အတွက် ဆုတောင်းခြင်း (Pray For Myanmar) အခမ်းအနားတွင် ဘာသာလေးခု ချစ်ကြည်ရေး အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် လူငယ်များက တိုက်တွန်းပြောဆို ခဲ့ခြင်းဖြစ်သည်။
လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုများအပေါ် ဘာသာလေးခု ချစ်ကြည်ရေးအဖွဲ့မှ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်ဦးအေးလွင်က ယခုဖြစ်ရပ်များသည် ထောက်ချောက်တစ်ခုသာဖြစ်ကြောင်း၊ ကိုယ့်အမှားမဖြစ်စေရန်များစွာသတိထားရမည် ဖြစ်ပြီး ဆရာတော်သံဃာတော်များမှလည်း ယခုဖြစ်ရပ် အပေါ် အကြမ်းဖက်သူများ၏ ပယောဂအဖြစ် နားလည်ကြကြောင်း ပြောသည်။
“ကျွန်တော်အခုပြောနေတာက မွတ်စလင်လူမျိုးတွေကို ကာကွယ်ဖို့မဟုတ်ပါဘူး။ တိုင်းပြည်ကို မီးလောင်တိုက်သွင်းပြီး မွတ်စ်လင်တွေကိုသားကောင်အဖြစ် အသုံးချနေတာကို ကာကွယ်ဖို့ပါ။ တစ်မျိုး သားလုံး တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်ပြီး စစ်အာဏာရှင်စနစ် တစ်ကျော့ပြန် လှည့်သွားစေလို့ မဖြစ်ပါဘူး။ တရားဥပဒေ စိုးမိုးဖို့လည်း လိုပါတယ်။ ပြီးတော့ ကျွန်တော်ပြောတဲ့ အခုသဘော ထားနဲ့ မြန်မာနိုင်ငံ လုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးရဲ့ သဘောထားနဲ့လည်း တူတူပါပဲ။ ကျွန်တော့်စကားကိုလည်း နားထောင်ကြပါတယ်။” ဟု ဦးအေးလွင်က Eleven Media Group သို့ ပြောသည်။
ဗုဒ္ဓဘာသာဝင်များသည် မေတ္တာကို အခြေခံသော ဘာသာဝင်များဖြစ်၍ တစ်ဦးအပေါ်တစ်ဦး ဘာသာ မရွေးပဲ မေတ္တာထားရမည် ဖြစ်ကြောင်း၊ လူ့ဘ၀သည် အင်မတန် ရခဲလှသောကြောင့် ရရှိလာသော လူ့ဘ၀တွင် မေတ္တာဖြင့် ကျင့်ကြံနေထိုင်လျှင် အေးချမ်းသွားမည် ဖြစ်ကြောင်း ဗုဒ္ဓဘာသာကိုယ်စားပြု တတ်ရောက်လာသော ဆရာတော်ဦးကောဏ္ဏညက မိန့်ကြားသည်။
“ငြိမ်သက်မှုနှင့်အတူ ယှဉ်တွဲနေထိုင်တတ်မှုက ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများကြားမှ ကမ္ဘာပေါ်မှာ မြန်မာဟေ့ လို့ ၀င့်ကြွားနိုင်မှာ ဖြစ်ပါတယ်။ ညီညီညွတ်ညွတ်နဲ့ အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ တော်တော်လိုအပ်လာပါပြီ။ ဒါကြောင့် တိုင်းပြည်ကို မေတ္တာတရားပေါ် အခြေပြုပြီးတော့ တည်ဆောက်ဖို့ လိုပါတယ်။ ဘာသာရေး၊ လူမျိုးရေးတွေကို ခုတုံးလုပ် သွေးခွဲနေမှုတွေအပေါ် ညီညွတ်ခြင်းနဲ့ သက်သေပြရပါမယ်။” ဟု ခရစ်ယာန် ဘုန်းတော်ကြီး Holy Tmity Cathldsai Chasch က မြန်မာပြည်အတွက် ဆုတောင်းခြင်း ငြိမ်းချမ်းရေး အခမ်းအနားတွင် ပြောသည်။
ဒီကိစ္စကို ဟိန္ဒူ၊ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် ဘယ်ဘာသာကမှ ဖန်တီးနေတာ မဟုတ်ပါဘူး ဆိုတာ ကျွန်တော်ရဲရဲဝင့်ဝင့် ပြောရဲပါတယ်။ ကုလအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်ကလည်း ဒီစကားပြော သွားပါတယ်။ သူဟာမြန်မာတွေနဲ့ ဘာသာခြားတွေ အတူတကွ ချစ်ချစ်ခင်ခင် နေထိုင် ကြာတာကို တွေ့သွားတဲ့အတွက် ဒီကိစ္စမှာ သွေးထိုးလှုံ့ဆော်တဲ့ အသံတွေ ရှိကိုရှိရလိမ့်မယ်လို့ တိုင်းတစ်ပါးသားတောင် ဒီလိုဝေဖန်သွားပါတယ်။” ဟု ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးအောင်နိုင်မှ ပြော သည်။
“ကျွန်တော်တို့ဟာ ဒီမြေမှာမွေး၊ ဒီရေကိုသောက်ပြီး ဒီမှာကြီးပြင်းလာတာပါ။ တစ်လုတ်စားဖူး သူ့ကျေးဇူး ဆိုတာ နားလည်ပါတယ်။ ကျွန်တော်တို့ ဗလီတွေကို ၀င်ရောက်လေ့လာချင် တယ်ဆိုရင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာရှိတဲ့ ဘယ်ဗလီမဆို ပြောပါ။ ကျွန်တော်ကိုယ်တိုင် လိုက်ပြပေး ပါ့မယ်။ ဒါမှကျွန်တော်တို့ အချင်းချင်း သံသယကင်းရှင်း သွားမှာပါ။ လာလည်းလာလည် စေချင်ပါတယ်။ ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေ လက်ထက်ကတည်းကလည်း မြန်မာနိုင်ငံအတွက်ဆို အသက်စွန့် လာခဲ့ပါတယ်။ ဥပမာအားဖြင့် တစ်ခြားမွတ်စလင်နိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့ စစ်ဖြစ်လာရင် အမိမြန်မာနိုင်ငံ အတွက်ပဲ အသက်စွန့်သွားမှာပါ။ ကျွန်တော်တို့ကို ဘယ်နိုင်ငံကပဲ ခေါ်ခေါ် ၊ ဆော်ဒီကပဲခေါ်ခေါ် မလိုက်ပါဘူး။ ဒီနိုင်ငံမှာပဲ သေတဲ့အထိအောင်နေသွားကြမှာပါ။” ဟု အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦး ဖြစ်သည့် ကို ဇော်မင်းလတ်မှ ပြောသည်။
“ကိုယ်ယုံကြည်ရာကို ကိုးကွယ်နေကြပေမယ့် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ မမေ့ဖို့လိုတယ်။ ဘာသာတစ်ခုက တစ်ခြားဘာသာ တစ်ခုကို ဖျက်သိမ်းပစ်ချင်တယ်ဆိုပြီး တွေးနေတယ် ဆိုရင်လည်း အဲဒါကိုဒီနေ့ကစပြီး မေ့လိုက်ပါ။ကျွန်တော်တို့ ငြိမ်းချမ်းစွာ နေသွားကြမှာပါ။ နောက်တစ်ခုက ကျွန်တော်တို့ စည်းကမ်းမဲ့ နေကြရင် တစ်စုံတစ်ခုက ကျွန်တော်တို့ကို နဂိုကလိုမျိုး စည်းတွေ ဘောင်တွေ အများကြီးနဲ့ လာကန့်သတ် သွားပါလိမ့်မယ်။ အစွန်းမရောက်တဲ့ အမြင်တွေ၊ မျှတတဲ့အမြင်တွေကိုလည်း များများကြီး ဖြန့်ဝေသွားဖို့ လူငယ်တွေအတွက် အရမ်းလိုပါတယ်။ မနေ့က ဆရာတော် အရှင်ဆန္ဒာဓိကက မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုတဲ့ ဆောင်ပုဒ်ကလေးကိုပဲ ကျင့်သုံးကြရင် အဆင်ပြေပြီး တရားဥပဒေရော တရားဓမ္မပါ စိုးမိုးဖို့လိုတယ်လို့ ကျွန်တော် လျှောက်တဲ့အချိန်က မိန့်ပါတယ်။” ဟု ဗုဒ္ဓဘာသာလူငယ် ဘလော့ဂါ ကိုနေဘုန်းလတ်မှ ပြောသည်။
ယင်းမြန်မာပြည်အတွက် ဆုတောင်းခြင်း အခမ်းအနားတွင် ဘာသာလေးခု ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး တို့အတွက် ကဗျာဆရာများမှ ငြိမ်းချမ်းရေး ကဗျာများကို ရွတ်ဖက်ခြင်းများလည်း ပြုလုပ် ခဲ့ကြောင်း သိရ သည်။
From....Eleven 

No comments:

Post a Comment