Thursday 28 March 2013

ထားဝယ်ဒေသ နောက်ဆုံးအခြေအနေ



ထားဝယ်၊မတ်လ ၂၈ ရက်

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာထဲ ရောက်နေလို့ ပြောင်းပေးရမယ့် ရွာတွေမှာ နေရာချထားရေး ဆိုင်ရာ စာရင်းကောက်ယူမှုတွေ ဒီရက်ပိုင်းအတွင်း အပြီးသတ်ဆောင်ရွက်မယ်လို့ ကြားသိရပါတယ်။

ပထမဆုံးရွှေ့ရဖို့ မူတူးရွာက ဈေးဦးပေါက်ပါတယ်တဲ့။

“မြေကြီးတူးပီး အနောက် နဘူးလယ်ကနေ အရှေ့ကို ဖောက်လာတာ။ မြေအကျယ် မီတာ ၅၀၀ လောက် အနက်မီတာ ၅၀ လောက်အထိ ဖောက်လာတာမှာ မူတူးရွာက အရင်ဦးဆုံး ရွှေ့ရမယ့်နေရာ ဖြစ်နေတယ်” လို့ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (DDA) က ကိုလေးလွင်က ဆိုပါတယ်။

စီမံကိန်းတွေ လုပ်ဆောင်တော့မယ့် ဒီနေရာကနေ ပြောင်းရွှေ့ရေးကို လက်မခံကြတဲ့ ဒေသခံတွေ ရှိပါတယ်။

မူတူးရွာမှ ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးအောင်မြင့်က “သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှာမို့ ကျနော်တို့ လက်မခံနိုင်ဘူး။ ကျနော်တို့ရွာကို အတင်းခြိမ်းခြောက်ပြီး ပြောင်းခိုင်းတာ ကျနော်တို့ အခွင့်အရေး ချိုးဖောက်ပြီး သူတို့လုပ်နေတာကို လုံးဝလက်မခံနိုင်ဘူး” လို့ ဧရာဝတီကို ရှင်းပြပါတယ်။

လျော်ကြေးပေးမယ် ဆိုရင်လည်း “သူတို့ပေးတဲ့ဟာက ကျနော်တို့ဟာ ၁၀၀ တန်ရင် သူတို့က ၅၀ ပဲ ပေးမယ်ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး” လို့ ဦးအောင်မြင့်က ဆက်ပြောပါတယ်။

အိမ် ၆၀၀ လောက် ရှိတဲ့ မူတူးရွာကို ပြောင်းရွှေ့ဖို့ အိမ်အလုံး ၃၀၀ ကျော် ဆောက်လုပ်ပြီးပြီလို့ ကြားသိရတယ်၊ ဒါပေမယ့် ဘယ်လို ကူညီဆောင်ရွက်ပေးမှုတွေရှိမယ်၊ သီးနှံစိုက်ခင်းစိုက်ဖို့ မြေနေရာ ပြန်ရမရ ဆိုတာတွေ ဘာမှ သေချာမှု မရှိသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။

ထားဝယ်ကနေ ထိုင်းနိုင်ငံအထိ လမ်းဖောက်လုပ်စဉ်က ပုဂေါဇွန်းရွာဘက်ရှိ ဥယျာဉ်ခြံတချို့ ပဲ့ပါသွားတယ်၊ ၁၇ နှစ် သက်တမ်းရှိ ဆီအုန်းပင် တပင်အတွက် ပေါက်ဈေးငွေကျပ်တသိန်းခွဲ သတ်မှတ်တောင်းဆိုပေမယ့် အာဏာပိုင်များက ၎င်းတို့ သတ်မှတ်ဈေး အတိုင်းသာ ပေးဆောင်မယ်လို့ ဆိုတာကြောင့် လျော်ကြေးအတွက် ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။

ထားဝယ်စီးပွားရေးဇုန်မှာ ပါဝင်တဲ့ အဓိက စီမံကိန်းတွေကို ၂၀၁၅ မှာ အပြီးသတ်မှာပါ။ ဒီနှစ်ထဲမှာတော့ အလုပ်အကိုင် အခွင့်အလမ်းအများအပြား ဖန်တီးပေးမယ့် စက်ရုံတွေ စတင်တည်ဆောက်မယ်လို့ သိရပါတယ်။

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ မျက်စိကျနေတဲ့ နေရာများထဲမှာ ဒီစီးပွားရေးဇုန်နေရာလည်း ထိပ်ပိုင်းက ပါဝင်ပါတယ်။ မကြာသေးခင် ရက်ပိုင်းကပဲ ထိုင်းဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ လုပ်ငန်းရှင်ကြီးလည်းဖြစ်တဲ့ မစ္စတာသက်ဆင်နဲ့ စီးပွားရေးသမား အများအပြား ဒီဒေသကို လာရောက်လေ့လာကြပါတယ်။

အရေးကြီးတဲ့ ဒီစီမံကိန်းအောင်မြင်ဖို့ ထိုင်းနဲ့မြန်မာအစိုးရတို့ကလည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။

ref:ဧရာဝတီ

No comments:

Post a Comment