Saturday 23 March 2013

စစ်ပွဲပြီးစ မြို့လိုဖြစ်နေ



မတ်လ ၂၃ ရက်၊ ၂၀၁၃

မန္တလေးတိုင်း၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်နှင့် သာစည်မြို့နယ်များကို အရေးပေါ် အခြေအနေအဖြစ် မတ်လ ၂၂ ရက်နေ့က ကြေညာလိုက်ပြီးနောက် ယနေ့မနက်တွင် မိတ္ထီလာ တမြို့လုံးတွင် တည်ငြိမ်သည့် အနေအထား ရောက်ရှိလာပြီဟု မြို့ခံများ က ဆိုသည်။
မြို့မှာ အခြေအနေများ တည်ငြိမ်လာပြီဖြစ်သော်လည်း အပျက်အစီးများနှင့် ကျန်နေခဲ့သည်ဟု မိတ္ထီလာမြို့မှ ၈၈ ကျောင်းသား ကိုသီဟက မဇ္ဈိမသို့ ပြောသည်။

၎င်းက “မနေ့က စစ်အုပ်ချူပ်ရေး ထုတ်ပြန်ပြီးတော့ စစ်တပ်တွေကို တမြို့လုံးမှာ ချထားတယ်။ စောင့်ကြည့်နေပါ တယ်။ ဒီမနက် အနေ အထားကတော့ တမြို့လုံး ပုံမှန်အနေအထား သွားလာနေကြပါပြီ။ မြို့က စစ်ပွဲပြီးစ မြို့ ပျက်ကြီးလို ဖြစ်နေပါတယ်။ ဒုက္ခ သည်တွေကလည်း ပျံ့ကြဲနေတယ်။ အခုဘုန်းကြီးကျောင်းတွေမှာ ဒီမြို့ခံလူထုတွေ က ဘာသာမခွဲခြားပဲ အတူယှဉ်တွဲနေ ထိုင်ကြတယ်” ဟု ပြောသည်။

အစ္စလာမ်ဘာသာဝင်များကို သီးသန့်ထားသည့် ခရိုင်ဘော်လုံးကွင်းကြီးထဲတွင် ခန့်မှန်းခြေ အင်အား (၆၀၀၀) နှင့် ဘုန်းကြီးကျောင်း တချို့တွင်ရှိသော လူများမှာ ကျောင်းတကျောင်းကို (၁၅၀၀)မှ (၂၀၀၀) နီးပါးရှိကြောင်း ကိုသီဟက ဆိုသည်။

မနေ့က မီးလောင်မှု ဖြစ်ပွားခဲ့သော ချမ်းအေးရပ်ကွက်မှ ဒေသခံများမှာ ကွင်းပြင်များတွင် နေရဆဲဖြစ်ပြီး လူဦးရေ ၁၀၀၀မှ ၁၈၀၀ နီးပါး ရှိသည်ဟု အဆိုပါဒေသခံများက ဆိုသည်။

ချမ်းအေးရပ်ကွက်မှ ဒေသခံ မသီရိက “ ကျွန်မတို့ ချမ်းအေးရပ်ကွက်က လူတွေအကုန်လုံးကို အမှတ် (၁) ဒေသခံရဲစခန်းက ထိန်းသိမ်းပေးထားတယ်။ ကျွန်မတို့ အိမ်တွေက တခုမှ အကောင်းမကျန်တော့ဘူး။ မိတ္ထီလာ တမြို့လုံးလဲ အကုန်လုံးပြာကျသွားပြီ ” ဟု မဇ္ဈိမ သို့ပြောသည်။

နယ်မြေထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်အချို့ လာရောက်ကြည့်သော်လည်း မည်သည့်အကူအညီမှ မပေးကြောင်းနှင့် ချမ်းအေး ရပ် ကွက်မှ နေအိမ်များမှာ မတ်လ ၂၂ရ က်နေ့တွင် မီးလောင်မှုထဲ အားလုံးပါဝင်သွားကြောင်း အဆိုပါ ဒေသခံမှ ရှင်းပြသည်။

မသီရိက “ကျွန်မတို့အိမ်ကတော့ ကြာသပတေးနေ့ကတည်းကပါသွားတယ်” ဟု ပြောသည်။

ယခုလက်ရှိအခြေအနေတွင် လူမှုရေးအဖွဲ့အစည်းများမှ လာရောက်ဝေသော ရေနှင့်စားစရာများကိုသာ ယူဆောင် စားသောက်နေ ရပြီး ဆေးခန်းမှာ မီးလောင်သည့် အထဲပါသွားသဖြင့် ကျန်းမာရေးအတွက် အခက်အခဲရှိနေကြောင်း မိတ္ထီလာဒေသခံများက ဆိုသည်။

ဒေသခံ ဒေါက်တာစန်းလှိုင်က “တမြို့လုံးပျက်စီးနေတာပဲ။ အာဏာပိုင်တွေက ဘာမှမလုပ်ပေးသေးဘူး။ အခုအရေးကြီးဆုံးက အိမ်သာ ကိစ္စပဲ။ ဒီမှာရှိတဲ့လူတွေနဲ့ အိမ်သာအရေအတွက်က လုံးဝမလောက်ဘူး အဲဒါက အခုလောလောဆယ် အရမ်းလိုအပ်နေ တယ်” ဟု မဇ္ဈိမကို ပြောပြခဲ့သည်။

မိတ္ထီလာမြို့လက်ရှိ အခြေအနေတွင် ဘုန်းကြီးကျောင်းနှင့် ဘော်လုံးကွင်းတို့တွင် နေထိုင်သူများမှာ များပြားသဖြင့် ကြပ်ညှပ် လျက်ရှိပြီး မန္တလေးမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိနေပြီဟု သိရသည်။ မလှိုင်၊ သာစည် ဝမ်းတွင်းနှင့် တို့တွင် အခြေ အနေတည်ငြိမ်သည်ဟု ဒေသခံများက ဆိုကြသည်။

ref:Mizzima

No comments:

Post a Comment