Tuesday 5 February 2013

သမ္မတရုံး ၀ဘ်ဆိုက်အား ဆိုက်ဘာတိုက်ခိုက်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ-၅

နိုင်ငံတော်သမ္မတရုံး၏ ၀က်ဘ်ဆိုက်စာမျက်နှာအား ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ မှ ၁၂ နာရီဝန်းကျင်အထိ သုံးကြိမ်တိုင်တိုင် ပြည်ပမှ DDos စနစ်ဖြင့် တိုက်ခိုက်ခံရမှု ကြုံတွေ့ခဲ့ရကြောင်း သတင်းရရှိသည်။

ဆိုက်ဘာတိုက်ခိုက်မှုတွင် (US, Malaysia, Russia) အစရှိသည့် IP လိပ်စာများမှတစ်ဆင့် DDos Request များ ပေးပို့ခြင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်)၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုများအပြင် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် IP-74.220.202.199 မှလည်း DDos Request သိန်းနှင့်ချီ၍ ဆက်လက်တိုက်ခိုက်လာခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတရုံး ၀ဘ်ဆိုက်ကို ဆိုက်ဘာတိုက်ခိုက်ခံရသည့်ကာလအတွင်း ၎င်းတို့၏ စာမျက်နှာအား ကြည့်ရှုရာတွင် သည်းခံပေးပါရန်နှင့် ၀ဘ်ဆိုက်တိုက်ခိုက်ခံရမှုအတွက် လိုအပ်သည့် လုံခြုံရေးများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၄ ရက် ၁၀ နာရီခန့်တွင် The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာကိုလည်း Online Hacker များက တိုက်ခိုက်ခဲ့သည်။

မည်သည့်အဖွဲ့အစည်းမှပြုလုပ်သည်ကို မသိရှိရသေးသော်လည်း ယခုလတ်တလောတွင် Admin Account ကိုပါ တိုက်ခိုက်ဖြုတ်ချလိုက်သည့်အတွက် Facebook သို့ Report ပြုလုပ်ထားကြောင်း သို့သော် ယင်းသည်လည်း မသေချာကြောင်း အဆိုပါဂျာနယ်၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောသည်။

ထိုကဲ့သို့ ဆိုက်ဘာတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဦးကျော်မင်းဆွေက ဆက်လက်ပြီး "တည်ဆဲဥပဒေအရ နိုင်ငံသားတွေကို အကာအကွယ်မပေးနိုင်ဘူးဖြစ်နေပါတယ်။ လက်ရှိဥပဒေက အီလက်ထရွန်နစ်ဥပဒေဆိုတာ နိုင်ငံရေးလုပ်တဲ့သူတွေကို ထောင်ချသလိုဖြစ်နေတယ်။ ဒီကိစ္စမျိုးဟာ လုံးဝမဖြစ်သင့်ပါဘူး။ အခုလို ဆိုက်ဘာ တိုက်ခိုင်မှုမျိုးကြုံလာတော့ ကျွန်တော်တို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သတင်းတွေတင်မရတဲ့ ဆုံးရှုံးမှုကိုရပါတယ်" ဟု ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် လအနည်းငယ်ခန့်ကလည်း Eleven Media Group ၏ ၀ဘ်ဆိုက်စာမျက်နှာများအားလည်း အထက်ပါကဲ့သို့ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
7DaysNewsJournal

No comments:

Post a Comment