Sunday, 3 February 2013

ဦးသိန်းစိန် နော်ဝေး လည်ပတ်မည်



သမ္မတ ဦးသိန်းစိန် ဖေဖော်ဝါရီ ၂၅ ရက်ကနေ ၂၈ ရက်အထိ ၃ ရက်ကြာ နော်ဝေးနိုင်ငံကို လာမယ်လို့ စနေနေ့ထုတ် နော်ဝေးနိုင်ငံ VG သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။


မြို့တော်အော်စလိုမှာ အချိန်အများဆုံးပေးသွားမယ့် ခရီးစဉ်အတွင်း နော်ဝေးဘုရင်နဲ့ အစိုးရအဖွဲ့အပြင် စီးပွားလုပ်ငန်းရှင်များနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ နော်ဝေးက ဆက်သွယ်ရေးနည်းပညာကုမ္မဏီတွေ ကို လေ့လာကြည့်ရှုပြီး သက်ဆိုင်ရာလုပ်ငန်းရှင်တွေနဲ့ တွေ့မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

နော်ဝေးနိုင်ငံက တယ်လီနော်(Telenor) တယ်လီဖုန်းကုမ္မဏီဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ မနှစ်က တည်းက မြန်မာတာဝန်ရှိသူတချို့နဲ့ ဆွေးနွေးထားပါတယ်။

မကြာသေးမီ ရက်ပိုင်းက နော်ဝေးနိုင်ငံက မြန်မာအပေါ်တင်ရှိတဲ့ကြွေးမြီ နော်ဝေးခရိုနာ ၃.၂ ဘီလီယံ (အမေရိကန် ဒ်ါလာ ၅၃၄ သန်း) ကို လျှော်ပစ်လိုက်ပါတယ်။ ဒါဟာ နော်ဝေးနိုင်ငံရဲ့ ဖွံဖြိုးဆဲနိုင်ငံတွေ အပေါ်တင်ရှိတဲ့ ကြွေးမြီတွေ လျှော်ပစ်တဲ့သမိုင်းမှာ အများဆုံး ဖြစ်ပါတယ်။

နော်ဝေးနိုင်ငံဟာ လူသားချင်း စာနာထောက်ပံ့မှုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေ နဲ့ မြန်မာ အစိုးရကြား ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံရေးဖြစ်စဉ်တွေမှာ လည်း ကူညီဆောင်ရွက်နေပါတယ်။

နော်ဝေးနိုင်ငံအခြေစိုက် နော်ဝေး၀န်ကြီးချုပ်ဟောင်း ဘွန်ဒယ်ဘစ်ဦးဆောင်ပြီး မနှစ်ကဇွန်လမှာဖွဲ့ထား တဲ့ အောင်ဆန်းစုကြည် လွတ်မြောက်ရေးဖောင်ဒေးရှင်း (Aung San Suu Kyi’s Freedom Foundation) အဖွဲ့ကလည်း မြန်မာနိုင်ငံ အင်းလေးဒေသအတွင်း အဆင့်မြင့်ဟော်တယ် ဆောက်လုပ်ရေးရင်းနှီးမြှုပ်နှံ မှုတွေ ပြုလုပ်နေကြောင်းလည်း သိရပါတယ်။ အဆိုပါဖောင်ဒေးရှင်းဟာ ဒေါ်အောင်ဆန်းစုကြည် နာယက အဖြစ် ဆောင်ရွက်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၅ရက်မှာလည်း ၈လေးလုံးမျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့လည်း ၄ရက်ကြာ နော်ဝေးနိုင်ငံကို အလည်အပတ် ရောက်လာပါလိမ့်မယ်။

မနှစ်ကဇွန်လအတွင်း ဒေါ်အောင်ဆန်းစုကြည် နော်ဝေးနိုင်ငံကို ရောက်ရှိလာခဲ့ပြီး နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင်လက်ခံရယူသွားခဲ့ပါတယ်
The Irrawaddy 

No comments:

Post a Comment