Thursday 7 February 2013

နှစ်နိုင်ငံ ပူးတွဲတည်ထောင်ထားသော ကေဆောင် စက်မှုဇုန်ကို ဖျက်ပစ်မည်ဟု မြောက်ကိုရီးယားက တောင်ကိုရီးယားကို ခြိမ်းခြောက်


ha-7-2-9
မြောက်ကိုရီးယား၏ ပြီးခဲ့သည့် ဒီဇင်ဘာလက ဒုံးပျံပစ်လွှတ်မှုနှင့် ပတ်သက်၍ ပိတ်ဆို့မှုများ ပြုလုပ်ရာတွင် တောင်ကိုရီးယားက ပါဝင်ပတ်သက်နေပါက မြောက်ကိုရီးယား နယ်စပ်၌ နှစ်နိုင်ငံ ပူးတွဲတည်ထောင်ထားသော ကေဆောင်စက်မှုဇုန်ကို
ဖျက်ပစ်မည်ဟု တောင်ကိုရီးယားအား မြောက်ကိုရီးယားက ခြိမ်းခြောက်လိုက်ကြောင်း ဖေဖော်ဝါရီလ ၇ ရက်က သတင်းဖော်ပြချက် တစ်ရပ်အရ သိရသည်။
မြောက်ကိုရီးယားသို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုများကို လိုက်နာသည့်အနေဖြင့် ကေဆောင်စက်မှုဇုန်သို့ ပို့သည့် စက်ပစ္စည်း အစိတ်အပိုင်းများအား တင်းကျပ်စွာ စစ်ဆေးမည်ဖြစ်ကြောင်း တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီလ ၄ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် မြောက်ကိုရီးယားက ယင်းသို့ တုံ့ပြန်ခြင်းဖြစ်သည်။
၂၀၁၀ ခုနှစ်က တောင်ကိုရီးယား ယုံပြောင်ကျွန်းကို မြောက်ကိုရီးယားမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အပါအ၀င် တောင်မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး မငြိမ်မသက်မှုများ အကြား အဆိုပါ ကေဆောင်စက်မှုဇုန်က ရင်ကြားစေ့ရေး သင်္ကေတအဖြစ် တည်ရှိနေသည်။
မည်သည့်ပုံစံဖြင့် ဖြစ်စေ ကေဆောင်စက်မှုဇုန်ကို ၀င်ရောက်စွက်ဖက်ပါက ယင်းအပြုအမူအား မြောက်ကိုရီးယားကို ပိတ်ဆို့မှုအဖြစ် မှတ်ယူမည်ဖြစ်ကြောင်း မြောက်ကိုရီးယား အမျိုးသား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီမှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ ယင်းအပြင် "ကေဆောင် စက်မှုဇုန်အတွက် ကျွန်တော်တို့ရဲ့ အကူအညီအားလုံးကို ရုပ်သိမ်းပစ်ပြီး အဲ့ဒီစက်မှုဇုန်ကို စစ်ဘက်ဆိုင်ရာ နယ်မြေအဖြစ် ပြောင်းလဲပစ်လိုက်မယ်" ဟုလည်း ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်း အေဂျင်စီက ဖော်ပြခဲ့သည်။
၂၀၀၂ ခုနှစ်က စတင် တည်ထောင်ခဲ့သော ယင်းကေဆောင်စက်မှုဇုန်တွင် တောင်ကိုရီးယား ကုမ္ပဏီပေါင်း ၁၂၀ ကျော်တည်ရှိပြီး မြောက်ကိုရီးယား နိုင်ငံသား ၅၃,၀၀၀ လုပ်ကိုင်လျက်ရှိကာ အ၀တ်အထည်၊ ဖိနပ်နှင့် မီးဖိုချောင်သုံး ပရိဘောဂများကို ၂၀၀၄ ခုနှစ်နှောင်းပိုင်းက စတင်ထုတ်လုပ်လျက်ရှိသည်။
Ref:AFP
EMG

No comments:

Post a Comment