Wednesday 20 February 2013

အညာဒေသများတွင် သောက်သုံးရေရှားပါးမှု ဆိုးရွားစွာ ကြုံတွေ့နေရ


ရန်ကုန်၊ ဖေဖော်ဝါရီ-၁၇

ပြီးခဲ့သည့်နှစ်က အလွန်အမင်းမိုးခေါင်ခဲ့သောကြောင့် ဧရာဝတီမြစ်ရေနည်းပါးကာ အညာဒေသများတွင် ယခုနှစ် သောက်သုံးရေရှားပါးမှုဒဏ်ကို ဆိုးရွားစွာကြုံတွေ့နေရကြောင်း ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဒေသခံများထံမှ သတင်းရရှိသည်။


အညာဒေသများဖြစ်သော မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့သည် ရေမြေသဘာဝအရ ရေရှားပါးမှုဒဏ်ကို နှစ်စဉ်ကြုံတွေ့နေရသော်လည်း ယခုနှစ်တွင် အထူးဆိုးရွားစွာ ရင်ဆိုင်နေရသည်။

“မနှစ်က မိုးခေါင်တယ်။ ငလျင်လှုပ်ပြီးနောက်ပိုင်း ရေတွင်းတွေက ပိတ်ကုန်လို့ အခုဆိုရင်ရေတစ်ပုံးရဖို့ ရွာနဲ့
ဆယ့်နှစ်မိုင်ဝေးတဲ့ ဧရာဝတီမြစ်ထဲသွားပြီး ရေခပ်နေရတယ်” ဟု စဥ့်ကူးမြို့နယ် ကံနောင်ကျေးရွာမှ ဒေသခံ
တစ်ဦးကပြောသည်။

“အညာဒေသရဲ့ နောက်ဆုံးအားထားရာက ဧရာဝတီမြစ်။ အ ခုဧရာဝတီကိုယ်တိုင်ကိုက သောင်ထွန်းနေတော့ ရေပြဿနာက တော်တော်ကို ကြီးမားလာပါလိမ့်မယ်” ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြောင်းလဲလာသော ရာသီဥတုအခြေအနေအရ မိုးရွာရက်(၁၄၅) ရက်ရှိခဲ့ရာမှ ယခုအခါ(၁၀၅) ရက်ခန့်သာ ရွာ
ပြီး မိုးရွာရက် ရက်(၄၀) ခန့်လျော့သွားပြီဖြစ်သောကြောင့် စားနပ်ရိက္ခာဖူလုံမှုအပြင် ရေရှားပါးမှု ပြဿနာကို အလေးထားသင့်
ကြောင်း ၎င်းကဆိုသည်။

အညာဒေသများတွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရွှေတွင်းလုပ်ကွက်များအား တူးသောရေတွင်းများစွာရှိသော်လည်း အဆိုပါ
တွင်းများမှ ရရှိသောရေမှာတိရိစ္ဆာန်များအတွက်သာ အသုံးပြု၍ရပြီး လူတို့သောက်သုံးရန် အဆင်မပြေဘဲ သောက်သုံးရေအတွက် ကန်ရေကိုသာ အဓိက ထားနေရသည်။ ကန်များမှာ ယခင်နှစ်များထက်စော၍ ရေခန်းခြောက်နေသည့် အတွက် သောက်သုံးရေပြဿနာမှာ ပိုမိုဆိုးရွားနေခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့ စည်ပင်အမှုဆောင် အရာရှိ ဦးမျိုးသိမ်းက ပြောသည်။

“တွင်းတွေက ပေါတယ်။ ထွက်တဲ့ရေက သုံးလို့မရတာ။ ရေတွင်းခုနစ်တွင်းမှာ တစ်တွင်းပဲ သုံးလို့ရတယ်” ဟု အိမ်ခြေခုနစ်ရာ ကျော်ရှိသော မကွေးတိုင်း၊ မြိုင်မြို့နယ် ပဲကြီးကျေးရွာမှ ဒေသခံ ဦးဇော်မင်းက ပြောသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်က နယ်စပ်ရေးရာဝန်ကြီးဌာနပိုင် တွင်းတူးစက် များသည် ပေသုံးရာခန့်သာ တူးနိုင်ပြီး မိမိတို့ ၀န်ကြီးဌာနပိုင် စက်များမှာ ပေတစ်ထောင်အထိ တူးနိုင်သောကြောင့် ယခုကဲ့သို့ ရေရှားပါးမှုပြဿနာကြုံတွေ့နေရသော ဒေသများတွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ရေတွင်းများ တူးဖော်ပေးသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီနောက်ဆုံးပတ်အတွင်းက ပြောကြားထားသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် တောင်သာမဲဆန္ဒနယ်မှ ဦးအောင်သောင်းက အညာဒေသ များတွင် စိုက်ပျိုးရေ၊ သောက်သုံးရေရရှိရေးအတွက် ကြုံတွေ့နေရသော ရေရှားပါးမှုပြဿနာများနှင့်ပတ်သက်၍ အဆိုတင်သွင်းရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သက်ဆိုင်ရာ ဒေသအသီးသီးရှိ ပြည်ထောင်စုအဆင့် ပြည်ထောင်စုဝန်ကြီးများအနေဖြင့် သောက်သုံးရေ၊ စိုက်ပျိုးရေ ကိစ္စများအတွက် လာမည့် ကာလများတွင် ဦးစားပေးအဆင့်သတ်မှတ်၍ ထိုက်သင့်သည့် စီမံကိန်း၊ ဘတ်ဂျက်များ တောင်းခံရန်အတွက် ၀န်မလေးဘဲ ဆောင်ရွက်ကြရန် ပြန်လည်ဖြေကြားခဲ့ဖူးသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာအချို့မှ ရေကန်များ ရေခန်းခြောက်ပြီး ရေရှားနေရာ ရေချိုးရန်အတွက် တစ်ဦးလျှင် နှစ်ဂါလန်ဝန်းကျင်သာ အသုံးပြုနေရသူများ ရှိနေသည်ဟု ပုပ္ပါးတောင်တစ်ဝိုက် စိမ်းလန်းစိုပြည်
ရေးဆောင်ရွက်နေသည့် ပုပ္ပါးချစ်သူများအသင်းက ပြောသည်။

ကျောက်ပန်းတောင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးကလည်း “ရေရှားပါးမှုနဲ့ ၀န်ကြီးဆီကို စာတင်ထားပါတယ်။ တစ်နိုင်ငံလုံး ရေရှားပါးတဲ့ ဘယ်ဒေသဖြစ်ဖြစ် ၀န်ကြီးဌာနက ငွေသုံးပြီးလုပ်ခိုင်းနေပါတယ်” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်
ကြီးဌာန ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ပြောကြားသည်။

အလားတူ မကွေးတိုင်းဒေသကြီးရှိ ကျေးရွာအချို့တွင်လည်း ကန်များတွင် ရေခန်းခြောက်မှု၊ ရေတွင်းတူးမရသည့် ပြဿနာကြောင့် ရေရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းရှိ တဲကြီးကျေးရွာအုပ်စုတွင် ရေရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း တဲကြီးကျေးရွာအုပ်စု ရာအိမ်မှူးဦးဇော်မင်းက ပြောသည်။

“တဲကြီးအုပ်စုမှာ အိမ်ခြေ ၇၀၀ ကျော်ရှိတယ်။ ရေကန် ခုနစ်ကန်ရှိတာ အခု တစ်ကန်ပဲ ရေကျန်တော့တယ်” ဟု ဦးဇော်မင်းက ပြောကြားသည်။

ဓာတ်ပုံ- ညီညီဇော်
7DaysNewsjournal

No comments:

Post a Comment