Wednesday 20 February 2013

၂၀၁၄ ကမ္ဘာ့ဖလား Sky Net တွင် တိုက်ရိုက်ကြည့်ရမည်

၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများကို မြန်မာပြည်တွင် တိုက်ရိုက် ထုတ်လွှင့်ပြသရန် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) နှင့် မြန်မာနိုင်ငံမှ Sky Net ရုပ်သံလိုင်းတို့ သဘောတူ စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံတွင် ပြုလုပ်မည့် ကမ္ဘာ့ ဖလားဘောလုံးပွဲ ၆၄ ပွဲစလုံးနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲများအပြင် အခမဲ့ ရုပ်သံလိုင်း (Free to Air) တွင်လည်း အနည်းဆုံး ၂၂ ပွဲ ပြသမည် ဖြစ်ကြောင်း ယနေ့ ရန်ကုန် ကမ်းနားလမ်း ဟိုတယ်တွင်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် Sky Net မှ အကြီးတန်း အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်က ပြောသည်။
ကမ္ဘာ့ ဖလားဘောလုံးပွဲများကို သီးသန့် Channel ဖြင့် ထုတ်လွှင့်ရန် မရည်ရွယ်ကြောင်း၊ လက်ရှိ ပြသနေသော Sky Net အားကစား Channel များမှသာ ပြသမည်ဖြစ်ကြောင်း သိရသော်လည်း ပြသခွင့်အတွက် ငွေးကြေးကိစ္စရပ်များကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။
“ဒီ ကမ္ဘာ့ဖလားပွဲနဲ့ ပတ်သက်ပြီး FIFA နဲ့ သဘောတူထားတာ ရှိပါတယ်။ ငွေကြေးပမာဏ ဘယ်လောက်ပေးတယ် ဆိုတာကို ပြောပိုင်ခွင့် မရှိပါဘူး။ ဒါကလည်း ကျနော်တို့ မြန်မာ နိုင်ငံမှ မဟုတ်ပါဘူး။ FIFA နဲ့ သဘောတူ စာချုပ် ချုပ်ထားတဲ့ သူတွေ အကုန်လုံး လိုက်နာရမယ့် စည်းကမ်းပါ” ဟု ဦးဝင်းနိုင်က ပြောသည်။
ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် သည် မြန်မာနိုင်ငံ အတွင်းတွင် ၂၀၁၄ ကမ္ဘာ့ ဖလားဘောလုံးပွဲများ ပြသရန် အကောင်းဆုံး ရုပ်သံလိုင်း ဖြစ်သည်ဟု ယုံကြည်သည့်အတွက် Sky Net ကိုရွေးချယ်ခဲ့ရခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ဒါရိုက်တာ မစ္စတာ နီကိုလပ် အယ်ရစ်ဆင်က ပြောသည်။
ထို့အပြင် လာမည့် ကမ္ဘာ့ဖလား ဘောလုံးပွဲကို မြန်မာနိုင်ငံတွင် ထုတ်လွှင့်ပြသနိုင်ရန် သီးသန့် ရုပ်/ သံ တင်ဆက်မှုများဖြင့် ပြသသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အရင် FIFA က ပေးပို့နေကြ ပုံစံတွေနဲ့မတူဘဲ သီးသန့်ပေးပို့ချက်တွေနဲ့ ထုတ်လွှင့် ပြသနိုင်အောင် လုပ်သွားမှာပါ။ အဲဒီ အတွက်လည်း လာမယ့် ကမ္ဘာ့ဖလားပွဲကို တမူထူးခြားတဲ့ပုံစံနဲ့ ထူးခြားတဲ့အရသာနဲ့ ခံစားရတော့မှာပါ ” ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် Sky Net ရုပ်သံလိုင်းတွင် ဥရောပ နိုင်ငံများမှ လိဂ် ပြိုင်ပွဲကြီးများ၊ ဥရောပ ကလပ်များ ယှဉ်ပြိုင်သည့် ချန်ပီယံလိဂ် ဖလား ပြိုင်ပွဲများအပြင် အာရှလိဂ် ပြိုင်ပွဲများ၊ ဘရာဇီးလိဂ် ဖလား ဘောလုံးပွဲများကိုလည်း ထုတ်လွှင့် ပြသလျှက်ရှိပြီး ၎င်းသည် ရွှေသံလွင်ကုမ္ပဏီပိုင် ရုပ်သံလိုင်းတခု ဖြစ်သည်။
ထို့အပြင် Sky Net ရုပ်သံလိုင်းမှ ၂၀၁၃ ခုနှစ် FIFA U – ၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၊ ၂၀၁၃ ခုနှစ် FIFA U – ၁၇ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၊ ၂၀၁၃ ခုနှစ် FIFA သဲသောင်ပြင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ ၂၀၁၄ ခုနှစ် FIFA U -  ၁၇ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၊ ၂၀၁၄ ခုနှစ် FIFA U – ၂၀ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ များကိုလည်း ထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း Sky Net မှ အကြီးတန်း အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်က ပြောသည်။
“ကျမအနေနဲ့ မြန်မာပြည်သူတွေ ဘရာဇီးနိုင်ငံကို လာလည်ကြဖို့နဲ့ ဒီ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ဘရာဇီးကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု အဆိုပါ ပွဲသို့တက်ရောက်လာသော ဘရာဇီး နိုင်ငံသူ မစ္စ ဒန်နီယဲလားက ပြောသည်။
ဧရာဝတီ

No comments:

Post a Comment