Wednesday 30 January 2013

ဦးဆန်းဆင့် ဧရာဝတီတိုင်းမှာ ပေါ်ပြူလာဖြစ်


ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီး ခန့်အပ်ခြင်းမပြုဘဲ ဧရာဝတီတိုင်းမှာပဲ လွှတ်တော်ဥက္ကဋ္ဌအဖြစ်နဲ့ သက်တမ်းကုန်တဲ့ အထိဆက်ထားပေးဖို့ ပြည်သူ ၇,၀၀၀ ကျော်က အင်္ဂါနေ့မှာ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြပါတယ်။

 လက်မှတ်ထိုးတာကတော့ ဦးဆန်းဆင့်ရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ရေကြည်မြို့နယ် အပါအ၀င် ကျုံပျော်၊ ကန်ကြီးထောင့်၊ ငပုတော၊ ပုသိမ်၊ ငွေဆောင် စတဲ့ ဒေသတွေက လယ်သမားတွေ ၊ ရေလုပ်သားတွေ ၊ ဒေသခံပြည်သူတွေဖြစ်တယ်၊

တိုင်းဒေသကြီးလွှတ်တော်ကို ပေးပို့လာတဲ့အဲဒီလက်မှတ်တွေကို သမ္မတရုံး၊ အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတွေဆီကို ဆက်လက် ပေးပို့သွားမှာဖြစ်ကြောင်း သိရပါတယ်။

 “လွှတ်တော်ဥက္ကဋ္ဌရဲ့ လုပ်ရပ်တွေဟာ လွှတ်တော်သက်တမ်း တလျှောက်လုံးမှာ ပြဿနာပေါင်း စုံ ဖြေရှင်းခဲ့တဲ့နေရာမှာ အင်မတန် နူးညံ့သိမ်မွေ့တယ်။ ပြည်သူကိုဦးထိပ်ထားတယ်။ ဒါကြောင့် ကျနော် တို့ အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ သက်တမ်းတလျှောက်လုံး ဧရာဝတီတိုင်းဥက္ကဋ္ဌအနေနဲ့ပဲ ဆက်လက် တာဝန် ထမ်းဆောင် စေချင်တယ်။ ဒါကြောင့် လက်မှတ်ရေးထိုး တောင်းဆိုရတာပါ” လို့ ပုသိမ်မြို့မှလူ့အခွင့် အရေးလှုပ်ရှားသူ ကိုထွန်းထွန်းဦးက ဧရာဝတီကို ပြောပါတယ်။

 ဦးဆန်းဆင့်ကို လစ်လပ်နေတဲ့သာသနာရေးဝန်ကြီးအဖြစ်ခန့်အပ်ဖို့  သမ္မတ ဦးသိန်းစိန်က ပြည်ထောင် စုလွှတ်တော်ကို သဘောထား တောင်းခံထားပြီး ဒီလ ၃၁ ရက်နေ့ အထိ ပြည်ထောင်စု လွှတ်တော်မှာ ကန့် ကွက်မယ့်သူ မရှိရင် ခန့်အပ်တော့မှာဖြစ်ပါတယ်။

ဒီကနေ့ ကျုံပျော်မြို့နယ်က လယ်သမားတွေနဲ့တွေ့ဆုံရာမှာ ဦးဆန်းဆင့်က သူ့ရဲ့သဘောထားကို အခုလို ထုတ်ဖော်ပြောဆိုသွားပါတယ်။

 “ကျနော့်ကို လူကြီးအားလုံးနီးပါးက ပြည်ထောင်စုအဆင့်တာဝန် ထမ်းဆောင်ဖို့ လက်ခံလိုက်ပါလို့ တိုက် တွန်းပါတယ်။
ကျနော် နှစ်သက်တာကတော့ အာဏာကိုရရှိတဲ့ အုပ်ချုပ်ရေးအာဏာနဲ့ ဆောင်ရွက်တဲ့ ခေါင်းဆောင် မဖြစ် ချင်ပါဘူး။
 ကျနော်တို့ မဲဆန္ဒနယ် ပြည်သူတွေရဲ့၊ ကျနော်တို့ တိုင်းဒေသကြီး ပြည်သူတွေရဲ့ ဆန္ဒနဲ့ဆောင်ရွက် တဲ့ ခေါင်းဆောင် ဖြစ်ချင်တာအမှန်ပါပဲ။
အဲတော့ ပြည်သူအများစုက ဒီမှာပဲလုပ်ပါဆိုရင် ကျနော်ဒီမှာပဲလုပ်ပါမယ်။ ဒါမှမဟုတ် ပြည်ထောင်စု အဆင့်မှာ သင့်တော်ပါတယ်လို့ ပြည်သူက သဘောတူရင် ပြည်သူ့ဆန္ဒအတိုင်း ကျနော်လုပ်ပါ့မယ်” 

ပုသိမ်မြို့မှာလည်း သူဝန်ကြီးအဖြစ် ပြောင်းလဲမှာကို သဘောမတူတဲ့သူတွေက တိုင်းအစိုးရရုံးကို ဆန္ဒပြ မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် မနေ့ကတိုင်းရုံးအနီးမှာ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်လောက် လုံခြုံရေးချထားတာ တွေ့ရပါတယ်။

ထိပ်တန်း စစ်ဗိုလ်ချုပ်တယောက် ဖြစ်ခဲ့ဖူးတဲ့ ဦးဆန်းဆင့်က ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ၀င်ရောက် အရွေးချယ်ခံခဲ့သူ ဖြစ်ပါတယ်။
ဧရာဝတီ

No comments:

Post a Comment