Wednesday 30 January 2013

နေ့ခင်းကြောင်တောင် ရန်ကုန်မြို့လယ်ခေါင် တစ္ဆေခြောက်ခံရခြင်း


“သင်္ချိုင်းစောင့်စံအိမ်”၊ “သုသာန်စောင့်မဖဲဝါ”၊ “သရဲမလင်”၊ “တစ်နပ် စားခင်မှုန်”၊ “ခြတောင်ပို့ဖြို၍ ကြမ္မာဆိုးနှင့်
သေကြသူများ”၊ “၀က်မိစာ”၊ “အမေကို ပစ်မှားတဲ့ဘီလူးဝင်စားသား”၊ “မကျွတ်မလွတ်ကျော်မမ”၊ “လက်ပြတ်ဝင်စား မလှရီ”မြန်မာ ဗီဒီယိုဈေးကွက် ဗဟိုချက်ဖြစ်သော ရန်ကုန်မြို့လယ် ၃၅ လမ်းနှင့် ၃၆ လမ်းရှိ ဗီဒီယိုလုပ်ငန်းများ တွင် ကြော်ငြာထားသော ဇာတ်ကားဆိုင်းဘုတ်အမည်များဖြစ်၏။

“သရဲကားတွေချည်းပဲနော်” “အေး သရဲခေတ်ရောက်နေပြီလေ” ရန်ကုန်မြို့လယ် ၃၆ လမ်းတွင်း သို့ ဖြတ်လျှောက်လာသည့် သားအမိ နှစ်ဦးထံမှ ထွက်ပေါ်လာသော စကားသံဖြစ်သည်။

လွန်ခဲ့သည့်တစ်နှစ်ကျော်က တရားမ၀င်ပျံ့နှံ့ခဲ့သော “မိုင်တိုင် ၇၆” ဇာတ်ကားမှ အစပြု၍ သရဲတစ္ဆေ ဇာတ်ကားများ တစ်ခေတ် ပြန်ထလာခဲ့သည်။ ယင်းမှာ သရဲကားများကို ဈေးကွက်က တောင်းဆို လာ ချိန်နှင့်အချိန်ကိုက်ပင် ၂၀၁၁ ဒီဇင်ဘာလမှစ၍ ဆင်ဆာစည်းကမ်းချက်အချို့ကို ဖြေလျှော့လိုက်ရာသရဲ တစ္ဆေဇာတ်ကားများ တလဟောထွက်ရှိလာသည်။

ဆင်ဆာဖြေလျှော့မှုအလွန်တွင် သရဲကားများနည်းတူ ဖြစ်ရပ်မှန်ဇာတ်လမ်းများ၊ ချစ်ခန်း၊ ကြိုက်ခန်းများ ပိုမိုအတင့်ရဲလာကာ ယခင်မတွေ့ရသော ဇာတ်ဝင်ခန်းများပါရှိသော ဇာတ်လမ်းများ ခပ်စိပ်စိပ်ထွက်လာ သည်။

သရဲကားများကို ထုတ်လုပ်ရေးတိုက်များက စရိတ်နည်းနည်းဖြင့် ကန်ထရိုက်ပေးကာ သုံးရက်နှင့် တစ် ကားအပြီးရိုက်ကူးလာသည်။ ယင်းဇာတ်ကားများကို နယ်မြို့များက တစ်ခဲနက်အားပေးလာရာ ရန်ကုန် မြို့ ပေါ်တွင်မကြားဖူးသော မင်းသားမင်းသမီးများမှာ နယ်မြို့များတွင် အောင်မြင်နေကြသည်။

“နယ်မှာ အခုအပေါက်ဆုံးမင်းသားကတော့ဂျိမ်းစ်ပဲ။ သူထူးစံနဲ့ ဆင်တယ်လေ” ဟု ၃၅ လမ်းရှိ နယ်ကြိုက် ကားများ ထုတ်လုပ်သည့် Golden Spider ထုတ်လုပ်ရေးမှဦးတင်ကိုကပြောသည်။ ထိုသရဲကား များကြောင့် မြန်မာဗီဒီယိုဇာတ်ကားများကို ပရိသတ်များက ဝေဖန်လာသူများလည်းရှိသည်။ “သရဲ ကားတွေကကြောက်ဖို့လည်း မကောင်းဘူး။ ရယ်စရာကြီးတွေ” ဟု အသက် ၂၃ နှစ်အရွယ်အမျိုးသမီး ပရိ သတ်တစ်ဦးက ပြောသည်။

သို့သော် ဗီဒီယိုဈေးကွက်အခေါ်အောက်ကားဟု သတ်မှတ်ထားသော ယင်းဇာတ်ကားများက ဗီဒီယို ထုတ်လုပ်ရေးမှ အောက်ခြေလူတန်းစားများ နေ့စဉ်ထမင်းစားနိုင်ရန် ဖန်တီးပေးနေပြန်သည်။

ထိုဇာတ်ကားများတွင် အပေါ်ကားများကဲ့သို့မင်းသား၊ မင်းသမီးကြေးနင့်နေအောင်ပေးရန်မလို၊ ဇာတ်ညွှန်း ကို စာရေးဆရာများထံမှ သိန်းချီပေး ၀ယ်စရာမလို၊ ကွန်ပျူတာအထူးပြုလုပ်ချက်အတွက် ပညာရှင် ကို ဈေးကြီးပေးငှား
ရန်မလို၊ ရှုတင်တစ်မနက်ခင်းလေးအတွင်း နံနက်၁၁ နာရီမကျော်ခင်မှာပင် အခန်းစဉ် ၈ ခန်းလောက်ရိုက်နိုင်သည်။ ဗီဒီယိုတစ်ကားလုံးစာ ကုန်ကျစရိတ်သိန်း ၂၅၀ ခန့်ရှိနေချိန် တွင် အောက်ကား ထုတ်လုပ်ရေးတိုက်များက တစ်ကားလုံးစာ ၁၅ သိန်းနှင့်ရိုက်နိုင်သည်။
ကန်ထရိုက်ယူရိုက်ကူးမည့် ဒါရိုက်တာကရိုက်လိုသည့် ၀ါသနာရှင် သရုပ်ဆောင်သစ်ကလေးများ၏ စိုက် ထုတ်ပူးပေါင်းမှုဖြင့်စရိတ်ကို တတ်နိုင်သမျှ ချုံ့ရိုက်သည်။ အလွန်ဆုံးငါးရက်ခန့်အကြာတွင် ထုတ်လုပ်ရေး တိုက်ဆီတည်းဖြတ်ပြီး ခွေအချောကိုအပြီးအပ်သည်။

“ရိုက်တဲ့သူတွေမှာ စုမိဆောင်းမိတော့မရှိဘူး။ ဒါပေမယ့်ထမင်းတော့မငတ်ဘူးပေါ့” ဟု ရှုတင်မန်နေဂျာ ကိုဆာမိကရှင်း ပြသည်။

စူပါမင်းသားများ၏ မူပိုင်ကြေး ကျပ်သိန်းငါးဆယ်၊ ခြောက်ဆယ်ပေါက်နေချိန်တွင် အောက်ကားများက ငါးသိန်းခန့်ရသည်။ ထုတ်လုပ်ရေးတိုက်လေးများမှာ ငွေရင်းစိုက်ထုတ်မှု နည်းပါး၍ ချက်ချင်းငွေပေါ်သည့် ဇာတ်ကလေးများ ရှာရိုက်ရင်းဖြင့် အောက်ကားဈေးကွက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ “ဆယ် သိန်းလောက်
ရင်းရင် နှစ်သောင်းလောက်တော့ ကျိန်းသေပြန်မြတ်တယ်။ အမြတ်မများပေမယ့် အောက် ကားတွေကြောင့် အဖွဲ့သားတွေ ထမင်းပုံမှန်စားနေရတယ်” ဟု ရှုတင်မန်နေဂျာ ကိုဆာမိကပြောသည်။
အောက်ကားများအတွက် ဇာတ်လမ်းမှာလည်း မရှားလှ။ သတင်းဂျာနယ်များပါ ထူးထူးခြားခြား သဘာဝ လွန်ဖြစ်ရပ်များ၊ နယ်အနှံ့က ထူးခြားဆန်းကြယ်ဖြစ်ရပ်များကို သတင်းတစ်စလောက် ရရုံဖြင့် တစ်ဇာတ် လုံးစာ ဖန်တီးနိုင်သည်။

“ယင်ကောင်ဝင်စားကားတောင်ရှိတယ်” ဟု သရဲခန်းမှာ အများဆုံးသရုပ်ဆောင်ရသော ကိုချက်ကြီး ကပြောသည်။

အဖွဲ့သားတစ်ယောက်၏ တစ်ကားလုံးစာဝင်ငွေမှာ သောင်းဂဏန်းသာပေးရသည်။ “သရဲ လုပ်ရ တာ နေ့ ခင်းဘက်ဆို သိပ်မကြောက်ဘူး။ ညဘက်ဆိုကြောက်ကြောက်နဲ့လုပ်ရတာ” ဟု သရဲကို အရမ်းကြောက်သော်လည်း ၀မ်းရေးအရ သရဲဇာတ်ရုပ်လုပ်ရသည့် ဇာတ်ရံ ကိုဖိုးသဲကပြောသည်။

“သရဲဖြစ်နေတဲ့ ကိုယ့်ရုပ်ကိုယ် ကြည့်ပြီးရယ်ချင်တယ်” ဟု ဆိုသူက ဇာတ်ရံကိုချက်ကြီး ဖြစ်သည်။

သရဲတစ္ဆေလူဝင်စား ဇာတ်ကားများကြောင့် ဗီဒီယိုဈေးကွက်တွင် ပိုနိမ့်ကျနိုင်သည် ဆိုသော ဝေဖန်မှုနှင့် ပတ်သက်၍ သရုပ်ဆောင် အာကာမြင့်အောင်က ယခုကဲ့သို့ ပြောသည်။ “အောက်ကားကြောင့် မဟုတ်ပါဘူး။ ဇာတ်ကားတစ် ကားကိုကောင်းကောင်းမွန်မွန်နဲ့ ပိုက်ဆံကိုမကြည့်ဘဲ အနု ပညာမြောက်အောင်လုပ်ရင်ကောင်းမှာပဲ”

စူပါမင်းသားများပင် ဈေးကွက်အ၀ယ် နှေးနေချိန်တွင် အောက်ကားများကြောင့် ဈေးကွက်ပျက်သည်ဟု အပြစ်မတင်သင့် ကြောင်း၊ တစ်ပတ်လျှင် ကားနှစ်ဆယ်ခန့် ထွက်နေရာ ၀ယ်လိုအားနှင့်ရောင်းလိုအား မမျှ တမှုကြောင့်
သာ ဈေးကွက်ကျရခြင်းဖြစ်ကြောင်း ဦးတင်ကိုကပြောသည်။ “ကားထုတ် အရမ်း များတော့ ဈေးလျှော့ရောင်းရရော။ အဲဒီမှာဈေးကွက်ပျက်တာ” ဟု ၄င်းကပြောသည်။ သရဲကားနည်းတူ ပွင့်လင်းလွန်လာသော ဇာတ်ဝင်ကားအချို့ကို ဝေဖန်သူများလည်းရှိသည်။
မကြာမီက ထွက်ရှိထားသည့် အမျိုးသမီး အဆိုတော်နှစ်ဦး၏ အမ်တီဗီမှာ ဆင်ဆာခေတ်လွန် တင်ပြပုံ စူးရဲလွန်း၍ လူငယ်ပိုင်းပရိသတ်များကြား ဝေဖန်မှုများ ပေါ်ထွက်လာသည်။ မိန်းကလေးချင်း အချစ်တော် ထားသည့်ပုံစံ၊ မိန်းကလေးများ ဆေးလိပ်သောက်၊ နိုက်ကလပ်တက်သည့် ပြကွက်များပါဝင်သော အမျိုး သမီးအဆိုတော်၏ ဂီတဗီဒီယိုမှာ အွန်လိုင်းပေါ်ထိ ဂယက်ထခဲ့သည်။ “မိန်းကလေး ချင်းချင်း ကြိုက်နေတဲ့ ပုံစံ ရိုက်ထားတာ ရွံဖို့ကောင်းတယ်” ဟု အသက် ၁၈ နှစ်အရွယ် GTC ကျောင်းသူ မမြတ်သီရိမိုးက ပြော သည်။

“ဒီလိုသီချင်းခွေတွေဆိုတာ ကလေးတွေကအစ ကြည့်တာလေ။ သူတို့အဲဒီလိုတွေ ရိုက်တော့ အတုယူမှားမှာပေါ့” ဟု အဝေးသင်ကျောင်းသားတစ်ဦး က ပြောသည်။ ဝေဖန်မှုများရှိ သလို ထောက်ခံကြို ဆိုကြသည့် ယောကျာ်းလေးပရိသတ်အချို့ကမူ “နိုင်ငံခြား အမ်တီဗီတွေက ဒီထက် ဆယ် ဆလောက်တောင်ဆိုးတာ။ ဒါလောက်တော့ လက်ခံနိုင်တယ်” ဟု အသက် ၁၈ နှစ်အရွယ် အင်္ဂလိပ်စာမေဂျာမှ ကျောင်းသားတစ်ဦးကပြောသည်။

သရဲတစ္ဆေခေတ်မထခင်က ဖိုက်တင်နှင့်အက်ရှင် တော်လှန်ရေးစသည့် ဇာတ်ကြမ်းကားများကို တစိုက် မတ်မတ်အားပေးလာသော ပရိသတ်မှာ ယခုအချိန်တွင် သရဲမှသရဲ၊ ဖြစ်ရပ်မှန်သာ ဖြစ် ပါစေ၊ ကြောက် စရာ ကောင်းအောင်သာ ရိုက်ပြနိုင်ပါက နယ်မြို့များတွင်သာမက ရန်ကုန်ရှိ အချို့မြို့နယ် များတွင် ပါ ခွေဆိုင်တက်မဆိုးလှ ဟုခွေဆိုင်များက ပြောသည်။

“အခုအောက်ကားတွေပါ ၀ယ်နေရတယ်။ သရဲကားတွေက အငှားရဆုံးပဲ” ဟု အင်းစိန်မြို့နယ်ရှိ ချယ်ရီအခွေငှားဆိုင်ရှင်ကပြောသည်။ သရဲရေစီးကြောင်းထဲသို့ နယ်ကြိုက်သရုပ်ဆောင်များသာမက နာမည်ရသရုပ်ဆောင်ကြီးများပါ ၀င်တိုးလာကြရာ စူပါမင်းသားတို့ ရိုက်သောကားများ ကို တောရော မြို့ပါ မကျန် တစ်ခဲနက်အားပေးလာကြသည်။

“တစ်ပတ်ကို သရဲကားက ခုနစ်ကားလောက် ထွက်တယ်။ မင်းမော်ကွန်းတို့၊ ကျော်ရဲအောင်တို့ ရိုက်တဲ့ ကားတွေဆိုပိုတောင်ငှားရတယ်။ ကလေးတွေ ပိုကြိုက်ကြတယ်” ဟု အင်းစိန်ရွာမမှ MP ခွေဆိုင်ရှင် ကိုစိုးမင်းက ပြောသည်။

သရဲကားများ ရိုးအီလာချိန်တွင် ဖြစ်ရပ်မှန်လူဝင်စားများ၊ တိရစ္ဆာန်ဝင်စားဇာတ်များ ပြောင်းရိုက်လာကြ သည်။ ယင်းဇာတ်
များအပ်ကြောင်းထပ်လာချိန်တွင် ဇာတ်လမ်းရေစီးကြောင်းက ပြောင်းလဲစပြုနေပြီ ဟု အောက်ကားထုတ်လုပ်သူများက ပြောလာကြသည်။
“အခု သရဲမရိုက်သလောက် ပြန်ဖြစ်လာပြီ။ ဖိုက်တင်ဘက်ကိုပြောင်းချင်နေပြီ” ဟု နယ်ကြိုက်ကားများ ရိုက်ကူးသည့် ဒါရိုက်တာဝေလင်းကပြောသည်။

လက်ရှိတွင် ၃၅ လမ်းဈေးကွက်၌ မကြာမီရက်ပိုင်းက ထွက်ရှိထားသော စီအိုင်ဒီဘဦးဇာတ်ကား မှာ ဈေး ကွက်တွင်း လှုပ်လှုပ်ခတ်ခတ်ရှိနေရာ မှုခင်းနွယ်သောအက်ရှင်ဇာတ်ကြမ်းကားများဆီသို့ တစ်ပတ်ပြန် လည်လာပြီဖြစ်ကြောင်း အောက်ကားထုတ်လုပ်သူတို့က ဈေးကွက်ကို ခန့်မှန်းလာကြသည်။

ရေစီးကြောင်းဘယ်လို ပြောင်းလဲပါစေ၊ ရေစုန်ရာ လိုက်ပါမည့် ကိုချက်ကြီးတို့လို ဇာတ်ရံများကတော့ ရိုက်ကွင်းရှိသည့်အချိန် ခေါ်ရိုက်ခံရန် အသင့်အနေအထားဖြင့် မိုးလင်းမှ မိုးချုပ် ၃၅ လမ်းတစ်ဝိုက်ရှိ လမ်းဘေး လက်ဖက်ရည်ဆိုင်တွင် ဘ၀တူ လောကသားများနှင့်အတူ ဖြတ်သန်းနေ ကြသည်သာ ဖြစ် သည်။

ဓာတ်ပုံ- ကျော်ဇင်သန်း

No comments:

Post a Comment