Saturday 8 December 2012

ငွေဖြည့်ကတ်၊ ငွေစက္ကူနဲ့ ဘတ်စ်ကားမွန်းကျပ်ကျပ်

အရင်က စုတ်ပြတ်နေတဲ့ ငွေ စက္ကူတွေ ကိုင်ပြီး သုံးစွဲရတာကို ပြည်သူတွေ မမေ့လောက်သေးဘူး ထင်ပါ တယ်။    နောက်ပိုင်းတော့  အဲဒီအခြေအနေကနေ  အနည်းအငယ်  ကျော်လွန်ပြီး  ပိုက်ဆံဟောင်း အစုတ်
အပြဲတွေ ကနေ အသုံးပြုနိုင်လောက်တဲ့ ငွေစက္ကူတွေကို ပြန်လည် တွေ့လာရပါတယ်။


ဒါပေမယ့် အကြွေငွေစက္ကူ အသုံးပြု သွားလာရာမှာတော့ လူအတော်များများ အဖို့ အဆင်မပြေတာတွေ ရှိနေဆဲပါပဲ။ ဥပမာ- ကားစီးရင် အကြွေ မပါလာလို့ ကိုယ့်မှာရှိတဲ့ ၅၀၀ တန်၊ ၁,၀၀၀ တန်ကို ကားစပယ်ယာကို ပေးလိုက်မိရင် အကြွေ မဆောင်ထားရကောင်းလား ဆိုပြီး အအော်ခံရတာ တမျိုး၊ တခါ ပြန်အမ်းရမယ့် ပိုက်ဆံကို ပြန်မအမ်းဘဲ အမေ့ခံတာမျိုးတွေ အပြင် ကိုယ့်လက် ထဲကို ပြန် ရောက် လာတဲ့ အကြွေတွေက ညစ်ပေနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။

အခုတော့ ဘတ်စ်ကားလိုင်း တချို့နဲ့ ဒလ - ပန်းဆိုးတန်းကူးတဲ့ သင်္ဘောမှာ ယာဉ်စီးခတွေကို ကြိုတင်ငွေ သွင်းပြီး ကျသင့်ငွေပမာဏကို နုတ်ယူ သုံးရတဲ့ ipay ကတ်တွေ သုံးလာကြတာ တွေ့ရပါတယ်။

နတ်ပိုက်ဆံလို့ ခေါ်တဲ့ ipay ကတ် အသုံးပြုသူတွေ အများစုက အကြွေ မဆောင်ချင်လို့ သုံးကြတာဖြစ်ပြီး၊ ကတ်ထဲကို အနည်းဆုံး ၁,၀၀၀ ကျပ် ကနေ ထည့်အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အသုံးပြုသူ အများ စု အတွက် အဆင်မပြေတာ တချို့လည်း ရှိနေပြန်ပါတယ်။
 
ipay ကတ် အသုံးပြု စီးနိုင်တဲ့ ကားလိုင်းတွေက ၂၀၀ ကျပ် ပေးစီးရတဲ့ ပါရမီနဲ့ အဓိပတိလို အထူး ကားတွေပဲ ရှိကြတာကြောင့် မှတ်တိုင်မှာ ကားစီးဖို့ စောင့်တဲ့အခါမှာ i-pay ကားလာတဲ့ အထိ စောင့်နေ ရတာမျိုးပါ။

“ကျမက အကြွေ မကိုင်ချင်လို့ ipay ကတ်နဲ့ ကားစီးတာပါ။ ဒါပေမဲ့ မှတ်တိုင်မှာ ipay ကား လာဖို့ စောင့်ရတာ စိတ်မရှည်ရင် အဆင်ပြေတဲ့ကားကို တက်စီး သွားလိုက်တာပါပဲ” လို့ တာမွေ မြို့နယ် မှာနေထိုင်သူ မမွှေးက ဆိုပါတယ်။

i-pay ကတ် အသုံးပြုသူတွေ အဆင်ပြေအောင် အလွယ်တကူငွေဖြည့်နိုင်မယ့် ipay bus stand တွေကို ရန်ကုန်မြို့ရဲ့လူစည်ကားတဲ့ ကားမှတ်တိုင် ၇ ခုမှာ ထားပေးထားတယ်လို့ ipay ၀န်ထမ်း တစ်ဦးက ပြောပါတယ်။

သို့ပေမယ့် ငွေဖြည့်ကတ်နဲ့ပဲ ဖြစ်ဖြစ်၊ ငွေစက္ကူနဲ့ပဲ ဖြစ်ဖြစ် ဘတ်စ်ကား ကျပ်ကျပ်သိပ်သိပ် ထဲမှာ စပယ်ယာတွေရဲ့ အဆူအငေါက်ခံနေရင်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ မဖြစ်မနေ သွားလာနေရတဲ့ ခရီးသွားပြည်သူတွေကတော့ သက်သက်သာသာ နဲ့ အဆင်ပြေပြေ သွားနိုင်ဖို့ ကိုသာ မျော်လင့်နေ ကြ တယ် လို့ သိရပါတယ်။

ဆက်စပ် -
နတ်ပိုက်ဆံနဲ့ ရန်ကုန်မှာ ဘတ်စ်ကားစီးနိုင်ပြီ




No comments:

Post a Comment