Thursday 25 October 2012

ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး ကွယ်လွန်





မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး ဒီမနက် ရန်ကုန်မြို့နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ်ရှိပါပြီ။

အာဏာရှင်ဦးနေ၀င်းအစိုးရကို အုံကြွဆန့်ကျင်တဲ့ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကာလမှာ ဦးအောင်ကြီးက လူသိများတဲ့ ဒီမိုကရေစီခေါင်းဆောင်တယောက် ဖြစ်ခဲ့တာပါ။

လူထုအုံကြွမှု မတိုင်ခင် စစ်အစိုးရခေါင်းဆောင် ဦးနေ၀င်းထံပေးပို့တဲ့ သူ့ရဲ့ ပေးစာတွေကြောင့် သူဟာ ပြည်သူအများအပြားရဲ့ ထောက်ခံမှု ရခဲ့ပါတယ်။ ဦးနေ၀င်းက သူ့ကို အကြိမ်ကြိမ် ထိန်းသိမ်းခဲ့ပါတယ်။

လူထုထောက်ခံမှုကို ဦးအောင်ကြီး ရရှိခဲ့ပေမယ့် ၁၉၈၈ ခုနှစ်က လူထုဟောပြောပွဲတခုမှာ စစ်တပ်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့ ဆိုတဲ့ သူ့ရဲ့ ပြောဆိုချက်ကတော့ အဲဒီကာလမှာ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းအပြီး နိုင်ငံရေးပါတီ ထူထောင်ရာမှာ တခြား ထင်ရှားသူများနဲ့ ပူးပေါင်းခဲ့ပါတယ်။ ဒီလိုနဲ့
- ဦးအောင်ကြီးနဲ့နောက်လိုက်များ
- ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး ခေါင်းဆောင်တဲ့ မျိုးချစ်ရဲဘော်ဟောင်းများ
- ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ တတ်သိပညာရှင်များ
အုပ်စု သုံးခု ပူးပေါင်းပြီး NLD ကို ဖွဲ့စည်းခဲ့တာပါ။

ဦးအောင်ကြီး NLD ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ လများမကြာမီမှာ ဦးအောင်ကြီးနဲ့နောက်လိုက်များ NLD ကနေ ထွက်သွားပြီး လူထုထောက်ခံမှုမရတဲ့ပါတီသစ်တခု တည်ထောင်ခဲ့ပါတယ်။
NLD ခေါင်းဆောင်ပိုင်းမှာ ကွန်မြူနစ်တွေ၊ ကွန်မြူနစ်လိုလားသူတွေ ရှိနေတယ် ဆိုတဲ့ ဦးအောင်ကြီးရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာမှာ စွပ်စွဲသူများဘက်က ရှုံးတဲ့အတွက် အဲဒီလို ထွက်သွားရခြင်းဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ သူ့ပါတီက မဲဆန္ဒနယ်တချို့မှာ ၀င်ပြိုင်ပေမယ့် လူထုထောက်ခံမှု မရခဲ့ဘူးလို့ သိရပါတယ်။ အဲဒီနောက်ပိုင်း မြန်မာ့နိုင်ငံရေးကနေ သူ့လှုပ်ရှားမှုတွေ တဖြည်းဖြည်း ပျောက် ကွယ်သွား ခဲ့တာပါ။

လူထုလှုပ်ရှားမှုကြီး မပေါ်ပေါက်ခင် ဦးအောင်ကြီး ပေဖူးလွှာ လစဉ်ထုတ် မဂ္ဂဇင်းမှာ ရေးခဲ့တဲ့ "ကျွန်တော်အညာသားပါခင်ဗျား" အခန်းဆက် ဆောင်းပါးတွေက စာပေလောက၊ နိုင်ငံရေးလောကမှာ ထင်ရှားခဲ့ပါတယ်။ သခင်အောင်ကြီး(ပေါင်းတည်) ကလောင်အမည်နဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ref:ဧရာဝတီ

No comments:

Post a Comment